တရုတ်အစိုးရက ဟောင်ကောင်မြို့မှာ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းဖို့ အဆိုပြု

22-5-2020-yyl-023.jpg

သွေးထိုးလှုံ့ဆော်မှု၊ ခွဲထွက်မှုနဲ့ အစိုးရပျက်စီးအောင် လုပ်ဆောင်မှုတွေကို တားမြစ်ပိတ်ပင်နိုင်တဲ့ လုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်မြို့မှာ ပြဋ္ဌာန်းဖို့ တရုတ်နိုင်ငံက အဆိုပြုခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကို ဟောင်ကောင်မြို့ခံတွေကရော နိုင်ငံတကာကပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဟောင်ကောင်မြို့မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆိုင်းငံ့ထားတဲ့ တရုတ်အမျိုးသားပြည်သူ့လွှတ်တော်ကို ဒီကနေ့ ပြန်ဖွင့်တဲ့အခါ ဟောင်ကောင်မြို့ လုံခြုံရေးဥပဒေသစ်အကြောင်း ဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒီလုပ်ရပ်က အမျိုးသားလုံခြုံရေးကို ကာကွယ်တာလို့ တရုတ်မီဒီယာက ဖော်ပြပေမဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကတော့ ဟောင်ကောင်မြို့ အဆုံးသတ်သွားစေမယ့် ဥပဒေကြမ်းလို့ မှတ်ချက်ပေးကြပါတယ်။ ကွန်မြူနစ်ဝါဒရှိတဲ့ တရုတ်အစိုးရက ဟောင်ကောင်မြို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တဖြည်းဖြည်းချင်း တိုက်စားနေတယ်လို့ ယူဆကြတဲ့အတွက် အဲဒီလုပ်ရပ်တွေအပေါ် ဟောင်ကောင်ဆန္ဒပြသူတွေက ထပ်ဖန်တလဲလဲ ဆန္ဒပြခဲ့ကြပါတယ်။

လူထုဆူပူအုံကြွစေနိုင်တဲ့ အဆိုပြုချက်အရ တရုတ်အစိုးရဟာ ဟောင်ကောင်မြို့ ရွေးကောက်ခံအရာရှိတွေကို ကျော်လွန်နိုင်စွမ်းရှိပြီး အပြောင်းအလဲတွေ လုပ်နိုင်မယ်လို့ ရှန်ဟိုင်းမြို့မှာရှိတဲ့ ဘီဘီစီသတင်းထောက် ရော်ဘင်ဘရန့်က ပြောပါတယ်။ တရုတ်နိုင်ငံက သူတို့ရဲ့အဆိုပြုချက်တွေကို ဆက်ဖော်ဆောင်မယ်ဆိုရင် အမေရိကန်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ တရုတ်အစိုးရက အခုလို ကြေညာခဲ့ပြီးနောက်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဟောင်ကောင်ဒေါ်လာတန်ဖိုး သိသိသာသာ ကျဆင်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top