ကပ်ရောဂါ ဖြစ်လာနိုင်တဲ့ တုပ်ကွေး ရောဂါသစ်ကို တရုတ်နိုင်ငံမှာ တွေ့ရှိ

30-6-2020-yyl-018.jpg

ကပ်ရောဂါဖြစ်လာနိုင်တဲ့ တုပ်ကွေးရောဂါသစ်တစ်မျိုးကို တရုတ်နိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။ မကြာသေးခင်က ပေါ်ပေါက်လာခဲ့တဲ့ အဲဒီတုပ်ကွေးရောဂါသစ်ကို ဝက်တွေမှာတွေ့ရပြီး လူတွေကိုလည်း ကူးစက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ တုပ်ကွေးရောဂါသစ်က မျိုးဗီဇပြောင်းလဲမှုဖြစ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် အလွယ်တကူ ကူးစက်သွားရင် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမှာကို သုတေသီတွေက စိုးရိမ်နေကြပါတယ်။ ဒါဟာ အခုချက်ချင်း ရင်ဆိုင်ရမယ့် ပြဿနာမဟုတ်သေးပေမဲ့ တုပ်ကွေးရောဂါသစ်က လူတွေကို ကူးစက်နိုင်စေမယ့် မျိုးဗီဇအဖြစ် အသွင်ကူးပြောင်းဖို့ လိုအပ်ချက်အားလုံး ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီတုပ်ကွေးရောဂါက မျိုးကွဲသစ်ဖြစ်လို့ လူတွေအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ကင်းလွတ်ဖို့ မရှိသလောက် နည်းပါတယ်။ ဝက်တွေကြားမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့နဲ့ ဝက်သတ်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမားအားလုံးကို အနီးကပ်စောင့်ကြည့်နိုင်ဖို့အတွက် စည်းမျဉ်းတွေကို အမြန်ဆုံးပြဋ္ဌာန်းသင့်တယ်လို့ သိပ္ပံပညာရှင်တွေက Proceedings of the National Academy of Sciences စာစောင်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ တုပ်ကွေးရောဂါသစ်ဟာ ကျန်းမာရေးပညာရှင်တွေ စောင့်ကြည့်နေကြတဲ့ အဆိုးရွားဆုံး ရောဂါခြိမ်းခြောက်မှုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

သုတေသီတွေကတော့ ဒီဗိုင်းရပ်စ်ကို G4 EA H1N1 လို့ ခေါ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူသားတွေရဲ့ အသက်ရှူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ဆဲလ်တွေအတွင်း ကြီးထွား ပွားများလာနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ သားသတ်ရုံတွေနဲ့ ဝက်သတ်ရုံတွေမှာ အလုပ်လုပ်နေသူတွေ ရောဂါကူးစက်ခံရတဲ့ အထောက်အထားတွေကို သိပ်မကြာခင်က တွေ့ရှိခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အခုနောက်ဆုံး တုပ်ကွေးကပ်ရောဂါ ဖြစ်ခဲ့တာကတော့ ၂၀၀၉ ခုနှစ်က မက္ကဆီကိုနိုင်ငံမှာ စတင်ခဲ့တဲ့ ဝက်တုပ်ကွေးရောဂါဖြစ်ပါတယ်။ ဝက်တုပ်ကွေးရောဂါဟာ ဟိုးအရင်နှစ်တွေတုန်းက ကူးစက်ပျံ့နှံ့ခဲ့တဲ့ တခြားတုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ ခပ်ဆင်ဆင်တူဖွယ်ရှိလို့ သက်ကြီးရွယ်အို တော်တော်များများဟာ ရောဂါကူးစက်ခံရမယ့်ဘေးကနေ ကင်းလွတ်ခဲ့ပါတယ်။ အဲဒီအတွက် ဝက်တုပ်ကွေးရောဂါဟာ ကနဦးစိုးရိမ်ထားတာထက် သေဆုံးမှုနည်းပါးခဲ့ပါတယ်။ အခုချိန်မှာတော့ နှစ်စဉ်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးရင် H1N1 ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်ပါပြီ။

Ref: BBC ” Flu virus with ‘pandemic potential’ found in China”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top