အသက် ၄၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးဟာ စွပ်ပြုတ်ထဲက ငါးအရိုးကို မတော်တဆမျိုချမိခဲ့ပါတယ်။ ဓာတ်မှန် ၂ ကြိမ်ရိုက်ကြည့်တော့ လည်ချောင်းက အရိုးကို မတွေ့ခဲ့ရတာတောင် လည်ပင်းမှာနာကျင်တာမသက်သာခဲ့ပါဘူး။ အကိုက်အခဲပျောက်ဆေးမလိမ်းခင် လည်ပင်းကို ဖိလိုက်တဲ့အချိန်မှာတော့ ငါးရိုးက လည်ပင်းရဲ့အရေပြားကနေ ထိုးထွက်လာခဲ့ပါတယ်။ အဲ့ဒီအခါကျမှ ခွဲစိတ်ကုသမှုခံယူကာ ငါးရိုးကို ဖယ်ရှားခဲ့ရပါတယ်။
ငါးရိုးက ခန့်မှန်းခြေအားဖြင့် ၂ စင်တီမီတာရှည်ပါတယ်။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ဒီအဖြစ်အပျက်ကို သူ့ဇနီးကြုံတွေ့ခဲ့ရတယ်ဆိုတာကကို ပုံတွေနဲ့တကွ ဇွန်လ ၁၇ ရက်နေ့က တင်ပေးခဲ့တာပါ။ သူ့ရဲ့ပို့စ်က လူမှုကွန်ယက်ပေါ် ပျံ့နှံ့သွားခဲ့ပြီးနောက် ထိုင်းမီဒီယာတစ်ခု မေးမြန်းတော့ Suriyan Buppa-art ဆိုတဲ့ အဲ့ဒီအမျိုးသားက ထုတ်ပြောပြခဲ့ပါတယ်။
သူ့ဇနီးဖြစ်သူဟာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ငါးစွပ်ပြုတ်ကို စားခဲ့ပါတယ်။ ငါးခူ၊ ငါးရှဉ့်လို ငါးအမျိုးအစား ၂ မျိုးကို သုံးပြီး စွပ်ပြုတ်ချက်ခဲ့တာပါ။ သူ တစ်လုပ်ပဲ စားပြီးတဲ့နောက် ငါးရိုးက လည်ပင်းမှာ ဆူးသွားခဲ့ပါတယ်။ ထမင်းနဲ့ အရိုးဆူးတာ ပျောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ သူ့ဇနီးလည်း မသက်မသာဖြစ်လာခဲ့တာကြောင့် ဆေးရုံသွားခဲ့ပြီး ဓာတ်မှန်ရိုက်ခဲ့ပေမဲ့ သူ့လည်ပင်းမှာ ဘာအရာမှမတွေ့ခဲ့ရပါဘူး။ သူတို့ဇနီးမောင်နှံလည်း ငါးရိုးမရှိတော့ဘူးလို့ပဲ မှတ်လိုက်ကြပါတယ်။
ဒါပေမဲ့ ၂ ပတ်ကြာတော့ သိုင်းရွိုက်ရောင်ရောဂါနဲ့ ဆင်တူတဲ့ လက္ခဏာတွေ စတင်ခံစားလာခဲ့တာကြောင့် ဆရာဝန်နဲ့ သွားပြခဲ့ပါတယ်။ ဒုတိယအကြိမ် ဓာတ်မှန်ရိုက်တော့လည်း ဘာမှမတွေ့တာကြောင့် ဆရာဝန်က စားဆေးပဲ ပေးခဲ့ပါတယ်။ သူ့ဇနီးဖြစ်သူက နာကျင်နေသေးတဲ့အတွက် လည်ပင်းမှာ လိမ်းလို့ရတဲ့ အကိုက်အခဲပျောက်ဆေးကိုလည်း ဝယ်ယူခဲ့ပါတယ်။
ဆေးမလိမ်းခင် လည်ပင်းမှာ နာကျင်နေတဲ့နေရာကို နှိပ်နယ်လိုက်တဲ့အချိန်မှာ ငါးရိုးက လည်ပင်းကနေ ဖောက်ထွက်လာခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံလည်း ထိတ်လန့်သွားက ဆေးရုံအမြန်ပြေးကာ ခွဲစိတ်ကုသမှုလုပ်လိုက်ရပါတယ်။ ဒီလိုမျိုး အခြေအနေမျိုးကို ကြုံဖူးတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ကုသပေးခဲ့တဲ့ ဆရာဝန်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
သူ့ဇနီးက ဆေးရုံဆက်တက်ပြီး ကုသမှုခံယူခဲ့ရပါတယ်။ ဇနီးဖြစ်သူက သူ တစ်သက်လုံး ငါးမစားတော့ဘူးလို့ Video call ကတဆင့် သတင်းထောက်တွေကို ဖြေကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref: Fish bone stuck in Thai woman’s throat pierces out of her neck, gets removed by doctor
WL ( ရိုးရာလေး)