အမေရိကန်နိုင်ငံသားကို တရုတ်တရားရုံးက သေဒဏ်ချမှတ်

23-4-2022-yyl02.jpg

ချစ်သူဟောင်းကို သတ်ဖြတ်တယ်ဆိုပြီး တရုတ်နိုင်ငံ တရားရုံးက အမေရိကန်နိုင်ငံသားတစ်ယောက်ကို သေဒဏ်ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ နင်ဘိုနည်းပညာတက္ကသိုလ်မှာ အင်္ဂလိပ်စာသင်တဲ့ ရှာဒိအဗ္ဗဒူမာတင်ဟာ အသက် ၂၁ နှစ်အရွယ် တရုတ်ကျောင်းသူ ချန်းကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။

၂၀၁၉ ခုနှစ် ဇွန်လက ချစ်သူအဖြစ်ကနေ လမ်းခွဲခဲ့တာကို မကျေမနပ်ဖြစ်ပြီး အဗ္ဗဒူလ်မာတင်က ကျီကျင်းပြည်နယ် နင်ဘိုမြို့ ကားမှတ်တိုင်မှာ ချန်းနဲ့ တွေ့ဆုံစကားပြောဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ချန်းရဲ့မျက်နှာနဲ့ လည်ပင်းကို ခေါက်ဓားနဲ့ အချက်ပေါင်းများစွာ လှီးပြီး သတ်ခဲ့တာလို့ နင်ဘိုပြည်သူ့တရားရုံးက ကြားနာခဲ့ပါတယ်။ အဗ္ဗဒူမာတင်ဟာ ရည်ရွယ်ချက်ရှိရှိ ကြိုတင်အကွက်ချစီစဉ်ပြီး လက်စားချေ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ မှုခင်းဖြစ်ပွားမှု အခြေအနေက ဆိုးရွားပြီး ဆင့်ကဲသက်ရောက်မှုတွေကလည်း ပြင်းထန်ခဲ့လို့ တရားဥပဒေနဲ့အညီ အရေးယူခဲ့တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားအပေါ် ချမှတ်ခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သတိပြုမိကြောင်း၊ အခြေအနေကို စောင့်ကြည့်နေကြောင်း၊ ပုဂ္ဂိုလ်ရေးကြောင့် ဒီဖြစ်ရပ်ကို နောက်ထပ်မှတ်ချက်ပေးဦးမှာ မဟုတ်ကြောင်း ဘေဂျင်းမြို့ အမေရိကန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျဉ်းသားတွေကို သေဒဏ်အများဆုံးပေးတဲ့နိုင်ငံဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အကျဉ်းသားထောင်ချီကို သေဒဏ်ချမှတ်နေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ တရုတ်နိုင်ငံကတော့ သေဒဏ်ချမှတ်တဲ့ အကျဉ်းသားအရေအတွက်ကို ဖော်ပြခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံမှာ ယူဂန်ဒါ၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ ကင်ညာနိုင်ငံသားတွေဟာ မူးယစ်ဆေးဝါးမှုတွေနဲ့ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ တရုတ်နိုင်ငံမှာ သေဒဏ်ရင်ဆိုင်နေရတဲ့ နိုင်ငံသား ၁၂၀ ဦး ရှိတယ်လို့ ၂၀၁၆ ခုနှစ်မှာ နိုင်ဂျီးရီးယားအထက်လွှတ်တော်က ဖော်ပြခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကနေဒါနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ သေဒဏ်ချမှတ်ခဲ့လို့ ကမ္ဘာတစ်ဝန်းမှာ တုန်လှုပ်ခဲ့ကြပါတယ်။

Ref: CNN “Chinese court sentences US citizen Shadeed Abdulmateen to death for murder”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top