ဖခင်ဖြစ်သူကို စာရေးတတ်ဖတ်တတ်အောင် သင်ပေးနေတဲ့ မူကြိုဆရာမလေး

21-6-2022-yyl05.jpg

အသက် ၂၃ နှစ် အရွယ် လူစီ ဖလော်ရက်ဟာ မူကြိုဆရာမတစ်ယောက်ပါ။ သူရဲ့စာသင်ချိန်ကတော့ တစ်နေ့လုံးနီးပါးပါပဲ။ မူကြိုကျောင်းသား၊သူလေးတွေကို ကျောင်းမှာ စာသင်ပေးပြီးလို့ အိမ်ပြန်ရောက်တာနဲ့ အသက် ၄၃ နှစ်အရွယ် ဖခင်ဖြစ်သူကိုလည်း စာရေးတတ်ဖတ်တတ်အောင် သင်ပေးရပါတယ်။ လူစီက ကလေးတွေကို စာသင်ပေးနိုင်ရင် သူ့အဖေကိုလည်း ဘာလို့ မသင်ပေးနိုင်ရမှာလဲလို့ တွေးမိခဲ့တာပါ။ အဲဒါနဲ့ လွန်ခဲ့တဲ့ ၄ လလောက်ကမှ သူ့အဖေကို စာစသင်ပေးဖြစ်ခဲ့ပါတယ်။

ဖခင်ဖြစ်သူ လူစီယာနို ဖလော်ရက်က မက္ကဆီကိုမှာ ကြီးပြင်းခဲ့ပြီး သူ့ကလေး (၄) ဉီးထဲက တစ်ဉီးဖြစ်တဲ့ လူစီရဲ့အသက် ၃နှစ်မှာ အမေရိကန်နိုင်ငံကို မိသားစုနဲ့အတူ ပြောင်းရွှေ့ခဲ့တာပါ။ လူစီယာနိုက စပိန်စကားပဲပြောတတ်ပါတယ်။ သူ့သမီးက သူ့အတွက် ဘာသာပြန်ပေးရပါတယ်။ လူစီယာနိုက ပထမတန်းတက်ပြီးတော့ မိသားစုစားဝတ်နေရေးအတွက် ကျောင်းဆက်မတက်တော့ဘဲ အလုပ်လုပ်ခဲ့ရတာပါ။

သူက အမေရိကန်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့ အခုအထိ အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးမှာ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ လူစီအပြင် သူ့ရဲ့မွေးချင်းမောင်နှမတွေနဲ့ သူ့အမေတို့က လူစီယာနိုအတွက် နှစ်တော်တော်ကြာ ဘာသာပြန်ပေးခဲ့ရပါတယ်။ သူက စာရေးစာဖတ်တာထက် သူ့ရဲ့ကျွမ်းကျင်မှုအပေါ်မှာပဲ မှီခိုနိုင်ခဲ့တယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့အတွက်ကြောင့် စာရေးစရာဖတ်စရာတွေမရှိခဲ့ပါဘူး။ သူက သင်္ချာတော့တော်တယ်။ သူ့အနီးနားက လူတွေနဲ့ သူ့သူငယ်ချင်းတွေကိုတောင် သူ စာမရေးတတ်မဖတ်တာဘူးဆိုတာကို မပြောပြခဲ့ပါဘူး။

အရင်ကလည်း လူစီဟာ ဖခင်ဖြစ်သူကို စာရေးတတ်ဖတ်တတ်အောင် သင်ပေးခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ အရင်ဆုံး သူ့ရဲ့ပညာရေးကို အောင်မြင်အောင်လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က လူစီဟာ ကောလိပ်ကနေ ဘွဲ့ရခဲ့ပါတယ်။ သူက မိသားစုထဲမှာ ပထမဆုံးဘွဲ့ရတဲ့သူဖြစ်လာခဲ့ပါတယ်။ လူစီက သူ့ရဲ့စာသင်ကြားမှုအတွေ့အကြုံနဲ့ သူ့အဖေကို နောက်တစ်ကြိမ်သင်ကြားပေးခဲ့ပါတယ်။ အခုတစ်ခါမှာတော့ သူ့အဖေက စာသင်ယူဖို့ စိတ်လှုပ်ရှားနေပေမဲ့ ပထမတော့ ချီတုံချတုံဖြစ်ခဲ့ပါတယ်။

တစ်ပတ် (၃) ရက်၊ (၂) နာရီကြာ စာသင်ကြားပြီး (၄) လအကြာမှာ လူစီယာနိုက သူ့ရဲ့နာမည်ကို ရေးနိုင်နေပါပြီ။ သရတွေကိုလည်း သိနေပြီး စာအုပ်တချို့ကိုလည်း သူ့ဘာသာ ဖတ်ကြည့်နေပါတယ်။ လူစီက သူ့အဖေကို စာသင်ကြားပေးနေတဲ့ ဗီဒီယိုတွေကို TikTok မှာ တင်ခဲ့ပါတယ်။ TikTok က Follower တွေက သင်ခန်းစာသင်ကြားနည်းအစီအစဉ်တွေကိုလည်း မျှဝေပေးခဲ့တဲ့အပြင် သူတို့မိသားစုဆီ ကျောင်းသုံးပစ္စည်းနဲ့စာအုပ်တွေကို ပို့ပေးခဲ့ပါတယ်။ သူ့အဖေရဲ့ တိုးတက်မှုတွေက အခြားသူတွေကို ဘယ်တော့မှ သူတို့ရဲ့အိပ်မက်တွေကို လက်မလွှတ်ဖို့ လှုံ့ဆော်ပေးနေပါတယ်။

သူ့သမီးလေးကနေတစ်ဆင့် စာလုံးတွေနဲ့ နံပါတ်တွေကို ဆက်လက်သင်ယူရဖို့နဲ့ မိသားစုနဲ့အတူ အချိန်ဖြုန်းဖို့ စိတ်လှုပ်ရှားနေတယ်လို့ လူစီယာနိုက ပြောပါတယ်။ ဒေသတွင်းစာကြည့်တိုက်ကိုလည်း သားအဖေ (၂) ယောက်သွားဖို့ အစီအစဉ်ရှိပါတယ်။ “အဖေက စာကြည့်တိုက်ကို မရောက်ဖူးဘူး။ စာအုပ်တွေပြည့်နေတဲ့ စာကြည့်တိုက်ကို တွေ့တာနဲ့ အဖေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို တွေးနေမိတယ်”လို့ လူစီက ဆိုပါတယ်။

Ref: ABCNews “Daughter teaches her dad how to read and write”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top