လူငယ်တွေကို လမ်းမှားရောက်စေတယ်ဆိုပြီး TikTok နဲ့ PUBG ကို တာလီဘန်အဖွဲ့ ပိတ်ပင်

23-4-2022-yyl01.jpg

အာဖဂန်နစ္စတန် လူငယ်တွေကို လမ်းမှားရောက်စေတယ်ဆိုပြီး TikTok နဲ့ PUBG ကို တာလီဘန်အဖွဲ့က ပိတ်ပင်လိုက်ပါတယ်။ ရုပ်သံလိုင်းတွေကိုလည်း စာရိတ္တပျက်ပြားစေတဲ့ အကြောင်းအရာတွေ ထုတ်လွှင့်ပြသခွင့်မပြုဘူးလို့ တာလီဘန်အဖွဲ့က ပြောပါတယ်။ မကြာသေးခင်က သီချင်း၊ ရုပ်ရှင်နဲ့ ရုပ်သံအော်ပရာတွေကို ပိတ်ပင်ခဲ့ပြီးနောက်မှာ အခုလို ထပ်မံပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းချိန်မှာ တာလီဘန်အစိုးရအဖွဲ့က ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်သွားမယ်လို့ ကတိပြုခဲ့ပေမဲ့ လွတ်လပ်ခွင့်တွေကို ပိုမိုထိန်းချုပ်လာခဲ့ပြီး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတွေကို ပိုမိုပိတ်ပင်လာခဲ့ပါတယ်။ တာလီဘန်အဖွဲ့ဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အစိုးရအဖြစ် ပထမအကြိမ် တာဝန်ယူချိန်တုန်းကလည်း တင်းကျပ်တဲ့ အစ္စလာမ်စည်းမျဉ်းတွေ ချမှတ်ခဲ့ဖူးပါတယ်။

လူငယ်မျိုးဆက်သစ်တွေ လမ်းမမှားအောင် ကာကွယ်ဖို့အတွက် TikTok နဲ့ PUBG ကို ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာမန်ဂါနီက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီပိတ်ပင်မှုက ဘယ်အချိန်မှာ စတင်အကျုံးဝင်မလဲ၊ အချိန်ဘယ်လောက် ကြာမြင့်မလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ပြီးခဲ့တဲ့လပိုင်းအတွင်း တခြားဖျော်ဖြေရေးကဏ္ဍတွေကို ပိတ်ပင်ခံထားချိန်မှာ အာဖဂန်နစ္စတန်လူငယ်တွေကြား TikTok နဲ့ PUBG က ပိုပြီးရေပန်းစားလာခဲ့ပါတယ်။

တောင်ကိုရီးယား developer တီထွင်ထားတဲ့ PUBG အွန်လိုင်းအပစ်အခတ်ဂိမ်းဟာ လူကြိုက်များတဲ့ အွန်လိုင်းဂိမ်းဖြစ်ပြီး ယခင်က အာဖဂန်နစ္စတန်အစိုးရဟာ PUBG ဂိမ်းကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ လူငယ်ထုများပြားမှုနဲ့အတူ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အာဖဂန်နစ္စတန်နိုင်ငံရဲ့ အင်တာနက်အသုံးပြုသူ အရေအတွက်လည်း သိသိသာသာ မြင့်တက်လာခဲ့ပြီး လက်ရှိအချိန်မှာ အင်တာနက်အသုံးပြုသူ ၉ သန်းအထိ ရှိနေပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူဦးရေ ၃၉ သန်းမှာ ၃ ပုံ၊ ၂ ပုံနီးပါးက အသက် ၂၅ နှစ်အောက် အရွယ်ရှိသူတွေပါ။

Ref: BBC “Afghanistan: Taliban orders TikTok, PUBG ban for ‘misleading’ youths”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top