ဇနီးဖြစ်သူသေဆုံးခဲ့ပြီးနောက် ခရစ္စမတ်ရောက်တိုင်း အထီးကျန်ပူဆွေးနေတဲ့အဘိုးအိုတစ်ဦးကို ကမ္ဘာတစ်ဝှမ်းက ခရစ္စမတ်ကတ်တွေ ပို့ပေးကြ

13-12-2022-yyl-20.jpg

အသက် ၉၅ နှစ်အရွယ် ဂျော့ချ် ဒိုလင်ဆိုသူ အဘိုးအိုဟာ လွန်ခဲ့တဲ့ (၉) နှစ်တုန်းကတော့ ဒီဇင်ဘာလကို အရမ်းသဘောကျခဲ့တာပါ။ ၂၀၁၃ ခုနှစ်က သူ့ဇနီးသေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ ဒီဇင်ဘာလ ခရစ္စမတ်အချိန်အခါရောက်တိုင်း အထီးကျန်မှုတွေ ခံစားရပြီး စိတ်ရွှင်လန်းမှုတွေလည်း မရှိဖြစ်ရတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဇနီးဖြစ်သူ လူစီလီအတွက်လည်း ခရစ္စမတ်က အကြိုက်နှစ်သက်ဆုံးအားလပ်ရက်အချိန်အခါဖြစ်ခဲ့တာပါ။ လူစီလီက ကျေးဇူးတော်နေ့ပြီးတဲ့နောက်နေ့မှာ ခရစ္စမတ်သစ်ပင်ကို အလှဆင်လေ့ရှိတာပါ။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်က ခရစ္စမတ်မတိုင်ခင်မှာ လူစီလီက သေဆုံးသွားခဲ့ပါတယ်။ အဲဒီနှစ်မှာ ဂျော့ချ်နဲ့သူ့သမီးဆူဇန် ဘရစ်တိုတို့က ခရစ္စမတ်အတွက် အလှဆင်ထားတာတွေအားလုံးကို ဖြုတ်ချခဲ့ပြီး ခရစ္စမတ်ပွဲမကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်။

အဲဒီအချိန်ကစပြီး ဂျော့ချ်က ဒီဇင်ဘာ ၁ ရက်နေ့ရောက်တာနဲ့ သူ့ဇနီးဖြစ်သူကို သတိရပြီး အထီးကျန်ကာ ဝမ်းနည်းလာခဲ့တဲ့အတွက် ဘရစ်တိုက သူ့အဖေ ဝမ်းနည်းတာသက်သာသွားစေဖို့ နည်းလမ်းရှာခဲ့တယ်။ မိခင်ဖြစ်သူ သေဆုံးပြီး နောက်တစ်နှစ်မှာ ဘရစ်တိုက သူ့အဖေဆီ ခရစ္စမတ်ကတ်တွေ ပို့ပေးဖို့ လူမှုကွန်ယက်ပေါ်မှာ အကူအညီတောင်းခံခဲ့ပါတယ်။ သူ့အဖေက စာတွေလက်ခံရတာကြိုက်နှစ်သက်တာကြောင့် တချို့ခရစ္စမတ်ကတ်တွေက သူ့ကို ပျော်ရွှင်အောင် လုပ်နိုင်မယ်ထင်လို့ပါ။

မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ သူစိမ်းတွေဆီကနေ ဂျော့ချ်က ခရစ္စမတ်ကတ်တွေ နှစ်တိုင်းရရှိခဲ့တယ်။ ၂၀၁၈ ခုနှစ်ကဆိုရင် အစောင် ၁၀၂ ခုတောင်ရခဲ့တာပါ။ ဂျော့ချ်က ကတ်တိုင်းကို ဖတ်ပြီး အဲဒီကတ်တွေကို သူ့အိမ်တစ်ဝိုက်နံရံတွေမှာ ဂုဏ်ယူစွာ ကပ်ထားလေ့ရှိပါတယ်။

ဒီဇင်ဘာလမတိုင်ခင် လူမှုကွန်ယက်ပေါ်မှာ ဂျော့ချ်ဆီ ခရစ္စမတ်ကတ်တွေ ပို့ပေးဖို့ ဘရစ်တို တောင်းဆိုတာက အစဉ်အလာတစ်ခုဖြစ်လာခဲ့ပေမဲ့ နှစ်တိုင်းတော့ အဆင်မပြေခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်က ခရစ္စမတ်ကတ် ၁၄ ခုပဲ ရခဲ့ပါတယ်။ အဲဒါကြောင့် ဂျော့ချ် ဝမ်းနည်းခဲ့ရတယ်။ အခုနှစ်မှာ ခရစ္စမတ်ကတ်တွေ အများကြီးရဖို့ ဘရစ်တိုအပြင် သူ့ရဲ့သမီး ချာလန် ဖလစ်ချာကလည်း ဂျော့ချ်အတွက် ခရစ္စမတ်ကတ်တွေ ပို့ပေးဖို့ လူမှုကွန်ယက်ပေါ်မှာ တောင်းဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့မှာ ခရစ္စမတ်ကတ် ၇၃ ကတ်ရခဲ့ပြီး တစ်ပတ်အကြာမှာ တစ်နေ့ကို ကတ် ၂၀၀၀ ကျော်ရခဲ့ပါတယ်။ အခုအချိန်အထိ ခရစ္စမတ်ကတ် ၁၅၅၁၀ ရရှိထားပါတယ်။ ဘရစ်တိုက ရရှိထားတဲ့အစောင်အရေအတွက်ကို လူမှုကွန်ယက်ပေါ်မှာ တင်ပေးပါတယ်။ ဒီခရစ္စမတ်ကတ်တွေက ဂျော့ချ်အပေါ် အရမ်းသက်ရောက်မှုရှိပါတယ်။ သူ အရမ်းဝမ်းနည်းနေရင် အဲဒီကတ်တွေက သူ့ကို စိတ်ချမ်းသာစေခဲ့ပါတယ်။

ဂျော့ချ်က ခရစ္စမတ်ကတ်တွေကို ကမ္ဘာတစ်ဝှမ်းက လက်ခံရရှိခဲ့တာပါ။ တချို့ကို ကလေးတွေက ရေးထားပြီး တချို့ကိုတော့ လူကြီးတွေက ရေးသားကြတာပါ။ ဂျော့ချ်က ခရစ္စမတ်ကတ်တွေအပြင် လက်ဆောင်ပစ္စည်းတွေလည်း လက်ခံရရှိခဲ့ပါတယ်။ ဂျော့ချ်ရဲ့အနှစ်သက်ဆုံးကတ်က (၄) နှစ်သမီးလေး နီနာဆီက ရတဲ့ကတ်ပါ။ အဲဒီကတ်မှာ “သမီး…ဂျော့ချ်ကို ချစ်တယ်။ သမီးရဲ့အချစ်ဆုံးသူငယ်ချင်းပါပဲ”ဆိုတဲ့စာအပြင် ရောင်စုံခရစ္စမတ်သစ်ပင်ပုံလေးလည်း ပါရှိပါတယ်။

Ref: People & Upworthy “Man, 95, Gets 13,000 Cards Years After Death of His Wife, Who Loved Christmas: ‘So Heartwarming'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top