နွမ်းပါးတဲ့ကလေးတွေကို ထောက်ပံ့ဖို့ နေ့ညမနားအလုပ်လုပ်တဲ့ ရွှေရောင်နှလုံးသားပိုင်ရှင်

17-6-2022-yyl28.jpg

နေ့ဘက်ဆိုရင် အိမ်အလှဆင်တဲ့ အလုပ်လုပ်တယ်။ ညဘက်ဆိုရင် အငှားယာဉ်မောင်းတယ်။ တစ်နေ့ကို အိပ်ချိန် ၅ နာရီလောက်ပဲ ရှိပါတယ်။ သူ လောဘတကြီး ရှာဖွေနေတာ သူ့မိသားစုအတွက်ပဲ မဟုတ်ပါဘူး။ ချို့တဲ့နွမ်းပါးတဲ့ မိသားစုက ကလေးတွေအတွက်ပါ။သူကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်၊ ဖူယန်းမြို့မှာ နေထိုင်တဲ့ ၃၅ နှစ်သား ယန်ကျန်းပါပဲ။

သူက စစ်တပ်ထဲမှာ အမှုထမ်းချင်သူပါ။ ဒါပေမဲ့ သူ့ရဲ့ အရေပြားရောဂါကြောင့် သူ့အိပ်မက် မပြည့်ဝခဲ့ဘူး။ လူတွေကို ကူညီချင်တဲ့စိတ်ထားကြောင့် Blue Sky Rescue ပရဟိတအဖွဲ့မှာ သူ ပါဝင်ကူညီခဲ့တယ်။ အဲဒီအချိန်ကစပြီး ချို့တဲ့နွမ်းပါးတဲ့ မိသားစုက ကလေးငယ်တွေနဲ့ ဆုံတွေ့ခဲ့တာပါ။

ယန်ကျန်းမှာလည်း မိန်းမနဲ့ ကလေး ၂ ယောက် ရှိပါတယ်။ သူ့မိသားစု စားဝတ်နေရေးအတွက် ရှာဖွေရသလို ကလေးတွေကိုလည်း ထောက်ပံ့ပေးချင်တာကြောင့် သူက ညဘက်ဆို အငှားယာဉ်မောင်းပြီး ပိုက်ဆံရှာပါတယ်။ ၂၀၁၄ ခုနှစ်ကစပြီး ကလေးတွေကို လစဉ်လတိုင်း ထောက်ပံ့ပေးခဲ့တာပါ။ ” တချို့ကလေးတွေက မိဘ မရှိကြတော့ဘူး။ တချို့တွေကျတော့ မသန်စွမ်းကြဘူး။ သူတို့လေးတွေရဲ့ဘဝက အရမ်းခက်ခဲပါတယ်။ သူတို့ကို ပိုပြီးဂရုစိုက်ပေးဖို့ လိုတယ်” လို့ ယန်ကျန်းက ဆိုပါတယ်။

ယန်ကျန်းဟာ လစဉ်လတိုင်း ကလေး ၇ ယောက်ဆီ သွားပြီး ဆန်၊ ဂျုံ၊ ဟင်းချက်ဆီ အစရှိတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေ အမြဲသွားပေးပါတယ်။ သူက ကလေးအားလုံးရဲ့ မွေးနေ့ကို မှတ်ထားပြီး မွေးနေ့ရောက်တိုင်း လက်ဆောင်လေးတွေလည်း သွားပေးတတ်ပါသေးတယ်။ ဒါတင်မကသေးပါဘူး။ စာသင်နှစ်စပြီဆိုတာနဲ့ ကလေးတွေအတွက် ကျောင်းလွယ်အိတ်အသစ်၊ ကျောင်းဝတ်စုံအသစ်တွေ ဝယ်ပေးပါသေးတယ်။ သူက ကလေးတွေကို ပံ့ပိုးပေးလာတာ ၈ နှစ် ရှိပါပြီ။ ဒါပေမဲ့ သူ့အတွက်တော့ ဒါက ခရီးအစပဲ ရှိသေးတယ်လို့ ယန်ကျန်းက ဆိုပါတယ်။

” သူတို့ပညာရေးဆုံးခန်းတိုင်တဲ့အထိ ကျွန်တော် ပံ့ပိုးပေးသွားမှာပါ။ အနာဂတ်မှာ သူတို့လေးတွေ အခက်အခဲ သိပ်မကြုံရစေဖို့အတွက်ဆိုရင် ကျွန်တော် ဘယ်လောက်ပဲ ခက်ခဲနေသည်ဖြစ်ပါစေ၊ သူတို့ကို ကူညီနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ ယန်ကျန်းက ပြောပါတယ်။

နှလုံးသားလှတဲ့ ယန်ကျန်းရဲ့လုပ်ရပ်ကို တရုတ်လူမှုကွန်ရက်ပေါ်မှာ လူအများအပြားက ချီးကျူးခဲ့ကြပါတယ်။ ” နှလုံးသားထဲကလာတဲ့ စစ်မှန်တဲ့ ကောင်းမွန်မှုကပဲ လူသားတွေရဲ့အလှတရားဖြစ်ပါတယ်” လို့ လူတစ်ဦးက ဆိုပါတယ်။ နောက်တစ်ဦးကတော့ ” ယန်ကျန်းလိုလူမျိုးတွေ ရှိနေလို့ ဒီလူ့အဖွဲ့အစည်း နွေးထွေးနေတာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Ref: Chinese man with a heart of gold works 19-hour days to help 7 children in need

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top