အိမ်ခြေရာမဲ့အမျိုးသားနဲ့အတူ ကားထဲ နေထိုင်ခဲ့တဲ့ကြောင် ၄၇ ကောင်ကို တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ခဲ့ရ

17-6-2022-yyl32.jpg

အမေရိကန်ပြည်ထောင်စု၊ ဝစ္စကွန်းဆင်းပြည်နယ်မှာ အမည်မသိအမျိုးသားတစ်ဦးက ကြောင်အကောင်ရေအများကြီးနဲ့ ကားထဲ နေထိုင်ခဲ့ပါတယ်။ မကြာသေးခင်ကမှ အဲဒါအမျိုးသားက အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး ကြောင်တွေကို မစွန့်ပစ်ချင်တာကြောင့် သူ့ရဲ့ကားထဲမှာပဲ အတူနေထိိုင်ခဲ့တာပါ။ ဒါပေမဲ့ ကားအတွင်း အပူချိန်မြင့်မားတာကြောင့် ကြောင် ၄၇ ကောင်ကို ကယ်တင်ပေးဖို့ The Animal Humane Society တိရစ္ဆာန်ကယ်ဆယ်ရေး နဲ့ Chisago County Sheriff’s Officeအစိုးရရုံးကို အကူအညီတောင်းခံခဲ့ပါတယ်။

“ဘယ်နေရာသွားရမှန်းမသိဘဲ ကားအတွင်း ကြောင်တွေနဲ့အတူ နေထိုင်တာက အပြင်လက်တွေ့မှာ ရပ်ကွက်နေလူတစ်ယောက်ကြုံတွေ့ခဲ့တာပါ။ ရဲအရာရှိတစ်ဦးက အဲဒီလူရဲ့ကားတံခါးကို သွားခေါက်ခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ Animal Humane Society က အကူအညီပေးဖို့ ရှိနေခဲ့ပါတယ်။ ကားထဲကနေ ကြောင် ၄၇ ကောင်ကို ကယ်ထုတ်ပြီး လိုအပ်တဲ့ကျန်းမာရေးထောက်ပံ့မှုတွေ လုပ်ပေးခဲ့တယ်” လို့ The Animal Humane Society က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကြောင် ၄၇ ကောင်မှာ ကြောင်ပေါက်လေးကစပြီး ၁၂ နှစ်အရွယ် ကြောင်ကြီးအထိပါပဲ။ အခု Animal Humane Society က ကြောင်တစ်ကောင်ချင်းစီကို စစ်ဆေးပေးနေပြီး ကာကွယ်ဆေးထိုးနှံပေးတဲ့အပြင် အာဟာရပြည့်ဝအောင် လုပ်ဆောင်ပေးနေပါတယ်။ ဇွန်လ အပူချိန်ကပြင်းထန်ပေမဲ့ ကြောင်တွေက ကျန်းမာရေးပြဿနာအနည်းငယ်သာရှိပါတယ်။ကြောင်တွေအများစုက ရေဓာတ်ကုန်ခန်းနေပေမဲ့ စိတ်ချထားလို့မရသေးပါဘူး။ ကြောင်တစ်ကောင်ချင်းစီလိုအပ်တဲ့ဂရုစိုက်မှုတွေ ထောက်ပံ့ပေးဖို့အတွက် ရက်တော်တော်ကြာ အချိန်ယူရမှာပါ။

ကြောင်ပိုင်ရှင်အမျိုးသားက အကောင်းဆုံးလုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဘေးကင်းစွာ စောင့်ရှောက်ဖို့ မဖြစ်နိုက်တော့တာကို သိသွားခဲ့တယ်။ အဲဒါကြောင့် သူတို့ကို ကူညီခွင့်ပေးခဲ့တာလို့ Animal Humane Society က အက်ရှလေ ပူဒါစ် ပြောပါတယ်။ ကျဥ်းမြောင်းတဲ့နေရာတွေမှာ နေရင် ကြောင်တွေမှာဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာအသေးအမွှားနဲ့ အမွေးကျွတ်တာတွေ တချို့ကြောင်တွေမှာ ဖြစ်ခဲ့တယ်လို့လည်း အက်ရှလေက ဆိုပါတယ်။

ကြောင် ၄၇ ကောင်ကို ကျန်းမာရေးစောင်ရှောက်မှုတွေ သေချာလုပ်ပြီးသွားတဲ့အခါကျရင် သူတို့ကို ခေါ်ယူမွေးစားမယ့်သူတွေကို ရှာပေးသွားမှာပါ။ အရင်က ကြောင်ပိုင်ရှင်အမျိုးသားဟာ ကားထဲနေခဲ့တဲ့ အခြားကြောင် ၁၄ ကောင်ကိုလည်း စွန့်ပစ်ခဲ့ဖူးပါတယ်။ ကြောင်ပိုင်ရှင်ကိုလည်း Animal Humane Societyရဲ့ဆေးမှူးတွေက ကြည့်ပေးခဲ့ပြီး ဆေးဘက်ဆိုင်ရာအထောက်အပံ့တွေပေးခဲ့ပါတယ်။

Ref: Ladbible “Homeless Man Discovered Living With 47 Cats Inside His Car”

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top