တရုတ် (တိုင်ပေ) လွှတ်တော်ခန်းမထဲမှာ အမတ်အချင်းချင်း ထိုးကြိတ်မှု၊ ရေပူဖောင်းနဲ့ ပစ်ပေါက်မှုဖြစ်ပွား

11-7-2020-yyl-005.jpg

အစိုးရရဲ့ ထိပ်တန်းစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ရွေးချယ်မှုနဲ့ပတ်သက်ပြီး တရုတ်(တိုင်ပေ)လွှတ်တော်ခန်းမထဲမှာ လွှတ်တော်အမတ်အချင်းချင်း ထိုးကြိတ်မှုတွေ၊ ရေပူဖောင်းနဲ့ပစ်ပေါက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ သီတင်းပတ် ၂ ပတ်အတွင်း လွှတ်တော်ထဲမှာ ၃ ကြိမ်မြောက် ခိုက်ရန်ဖြစ်ပွားမှုပါ။ အစိုးရဌာနတွေကို စောင့်ကြည့်တဲ့ စုံစမ်းစစ်ဆေးရေးအေဂျင်စီ(Control Yuan)ကို ဦးဆောင်ဖို့ အာဏာရပါတီ(Democratic Progressive Party – DPP)ရဲ့ ပါတီဝင်လွှတ်တော်အမတ် ချင်ချူကို ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခဲ့ပါတယ်။

ချင်ချူကို ခန့်အပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်နေချိန်မှာ DPP ပါတီရဲ့လွှတ်တော်အမတ်တစ်ယောက်က အတိုက်အခံပါတီဝင်လွှတ်တော်အမတ်တစ်ယောက်ကို ထိုးကြိတ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ကူမင်တန်ပါတီဝင် လွှတ်တော်အမတ်တွေက လွှတ်တော်ဥက္ကဋ္ဌစင်မြင့်ကို ရေပူဖောင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီအတွက် DPP ပါတီဝင်တွေက ပလတ်စတစ်မိုးကာတွေဝတ်ဆင်ပြီး ကတ်ပြားတွေနဲ့ ကာကွယ်ခဲ့ရပါတယ်။ တရုတ်(တိုင်ပေ)လွှတ်တော်ဟာ ရန်ပွဲတွေဖြစ်ပွားလေ့ရှိသလို ဆန္ဒပြမှုတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။ Control Yuan အဖွဲ့အတွက် ရွေးချယ်ထားသူ ၂၇ ယောက်ထဲမှာ ၂၄ ယောက်က DPP ပါတီနဲ့ နီးစပ်သူတွေဖြစ်ပြီး အဆိုးရွားဆုံးရွေးချယ်မှုဖြစ်တယ်လို့ ကူမင်တန်ပါတီက ဝေဖန်ခဲ့ပါတယ်။

ကူမင်တန်ပါတီလက်အောက်မှာ တရုတ်(တိုင်ပေ)ကို အာဏာရှင်စနစ် ကျင့်သုံးခဲ့တုန်းက ချင်ချူဟာ လူ့အခွင့်အရေးလှုပ်ရှားသူဖြစ်ပြီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရဖူးပါတယ်။ ဇူလိုင်လ ၁၇ ရက်က တရုတ်(တိုင်ပေ)လွှတ်တော်ထဲမှာ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပေမဲ့ မဲပေးမှုကို ဆက်လက်ကျင်းပခဲ့ပြီး ချင်ချူကို Control Yuan အဖွဲ့ခေါင်းဆောင်အဖြစ် အတည်ပြုခဲ့ပါတယ်။ ချင်ချူကတော့ Control Yuan အဖွဲ့ခေါင်းဆောင်အဖြစ် အတည်ပြုပြီးနောက်မှာ ဘက်လိုက်မှုကင်းရှင်းစေဖို့အတွက် DPP ပါတီကနေ နုတ်ထွက်မယ်လို့ ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top