မန်ယူအသင်းဟာ ဖို့ဘ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအားကစားအသင်းတွေစာရင်းမှာ အဆင့်(၂) နေရာကနေ အဆင့် (၆) နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ (၅) ဘီလျံတန်ကြေးရှိတဲ့ အမေရိကန်ဖွတ်ဘော (NFL) အသင်း Dallas Cowboys က အဆင့် (၁) နေရာမှာ (၄) နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄.၆) ဘီလျံတန်ကြေးရှိတဲ့ ဘေ့စ်ဘောကလပ် New York Yankees က အဆင့် (၂) နေရာကို တက်လှမ်းလာခဲ့ပါတယ်။
စပိန်အင်အားကြီးဘောလုံးအသင်းတွေဖြစ်တဲ့ ရီးရဲလ် (အမေရိကန်ဒေါ်လာ ၄.၂၄ ဘီလျံ) နဲ့ ဘာစီလိုနာ (အမေရိကန်ဒေါ်လာ ၄.၀၂ ဘီလျံ) တို့က အဆင့် (၃) နဲ့ အဆင့် (၄) နေရာမှာရပ်တည်နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄) ဘီလျံတန်ကြေးရှိတဲ့ ဘတ်စကတ်ဘောအသင်း New York Knicks က အဆင့် (၅) နေရာမှာရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်မှာ အဆင့် (၆) နဲ့ ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးလို့ ဝင်ငွေထိခိုက်တော့မယ့် မန်ယူအသင်းကတော့ တန်ကြေး အမေရိကန်ဒေါ်လာ (၃.၈၁) ဘီလျံနဲ့ တန်ဖိုးအရှိဆုံးအားကစားအသင်းတွေစာရင်းမှာ အဆင့် (၆) နေရာ ရောက်သွားခဲ့ပါတယ်။ တန်ဖိုးအရှိဆုံး အားကစားအသင်း (၂၀) စာရင်းမှာ တခြားပရီးမီးယားလိဂ်ကလပ် အသင်း တစ်သင်းမှပါဝင်ခဲ့ခြင်းမရှိပါဘူး။ မန်စီးတီးက အဆင့် (၂၅)၊ ချဲလ်ဆီးက အဆင့် (၃၂)၊ အာဆင်နယ်နဲ့ အဆင့် (၄၂) နဲ့ လီဗာပူးက အဆင့် (၄၅) နေရာ ရပ်တည်ခဲ့ကြပါတယ်။
Nz (ရိုးရာလေး)