ကမ္ဘာ့ချန်ပီယံခါးပတ်ကိုသိမ်းပိုက်ရန် ကစားဟန်များပြောင်းလဲလေ့ကျင့်နေသည့် Petchdam

ad9f334df36afd52b006a2880d5f9eb7.jpg

ONE Championship တွင်ပါဝင်ယှဉ်ပြိုင်ထိုးသတ်နေသည့် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အလဲထိုးကျွမ်းကျင်သည့်အားကစားသမားများအနက် တစ်ဦးအပါအဝင်ဖြစ်သော Petchdam သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပမည့် ONE: WARRIORS OF LIGHT ပြိုင်ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

Petchdam “Baby Shark” Petchyindee Academy သည် စတင်ယှဉ်ပြိုင်ချိန် ၂၀၁၈ ခုနှစ်မှစ၍ တောက်ပသော အလဲထိုးပွဲ (၃) ပွဲဖြင့် ONE Championship Super Series အား ခမ်းနားစေခဲ့သူဖြစ်သည်။ အဆိုပါအနိုင်ပွဲများ၏ဆုလာဘ်အဖြစ် ၎င်းသည် လာမည့် မေလ (၁၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပမည့် ONE Championship ဖလိုင်းဝိတ် Kick Boxing ကမ္ဘာ့ချန်ပီယံခါးပတ်ပထမဆုံးသောစိန်ခေါ်ပွဲအား ယှဉ်ပြိုင်ထိုးသတ်ခွင့်ရရှိခဲ့သည်။

သုံးထပ်ကွမ်း မွေထိုင်းကမ္ဘာ့ချန်ပီယံ Elias “The Sniper” Mahmoudi ကို အသက် (၂၀) သာရှိသေးသည့် Petchdam သည် ၎င်း၏ဇာတိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Arena အားကစားရုံတွင် ထိုးသတ်မည်ဖြစ်ရာ အိမ်ရှင်အားကစားပရိသတ် အများအပြား လာရောက်အားပေးကြမည်ဖြစ်၍ ၎င်းအတွက် များစွာစိတ်လှုပ်ရှားစရာဖြစ်ကြောင်း ယခုကဲ့သို့ပြောပြခဲ့သည်။

“ကမ္ဘာ့ချန်ပီယံကိုစိန်ခေါ်ခွင့်ရလို့ ကျွန်တော် တကယ်ပဲပျော်ရွှင်မိပါတယ်။ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အချက်ကတော့ ကျွန်တော့်ဇာတိ ထိုင်းနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်ရမယ့်အချက်ပါပဲ” ဟု ၎င်းက ပြောသည်။

“ကစားသမားတစ်ယောက်အနေနဲ့ အခုအနေအထားကိုရောက်လာခဲ့လို့ တကယ့်ကိုဂုဏ်ယူမိပါတယ်”

၎င်း၏အံ့မခမ်းစွမ်းဆောင်မှုများနှင့် ကြိုးဝိုင်းပြင်တွင်လည်း တစ်ပါးသူကို စိတ်ဓါတ်ခွန်အား ပေးတတ်သည့် ၎င်း၏အမူအကျင့်များကြောင့် ထိုင်းလူငယ်လေး Petchdam သည် အချိန်တိုအတွင်းမှာပဲ ပရိသတ်များ၏ အချစ်တော်အားကစားသမားတစ်ဦးဖြစ်လာခဲ့သည်။

ONE Championship တွင် မယှဉ်ပြိုင်မီ WBC မွေထိုင်းကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သော Petchdam သည် နိုင်ငံတကာစင်မြင့်တွင် နိုင်ပွဲ သုံးပွဲဆက်ခဲ့ရာ ပြိုင်ပွဲမှတ်တမ်းအရ နိုင်ပွဲ (၉၃) ပွဲ၊ ရှုံးပွဲ (၁၄) ပွဲနှင့် သရေရလဒ် (၇) ပွဲဖြစ်လာခဲ့သည်။

ယခုအချိန်တွင် Petchdam သည် ၎င်း၏ကစားသမားဘဝအား နောက်တစ်ဆင့်သို့မြှင့်တင်ရန် အခွင့်အရေးရရှိခဲ့ပြီဖြစ်ပြီး အဆိုပါအခွင့်အရေးကို အကောင်အထည်ဖော်ရာတွင်လည်း ဇာတိမြေတွင်ထိုးသတ်ရမည်ဖြစ်၍ ပိုမိုပျော်ရွှင်နေခြင်းဖြစ်သည်။

“ဘန်ကောက်မှာယှဉ်ပြိုင်ရမှာဖြစ်လို့ ကျွန်တော့်အတွက် အချိုပေါ်သကာလောင်းသလိုပါပဲ။ ဒီမှာ ကျွန်တော့်ပရိသတ်အင်အား အများကြီးပါပဲ။ ပြိုင်ပွဲဝန်းကျင်က အံ့သြစရာဖြစ်ပါလိမ့်မယ်” ဟု သူက ရှင်းပြသည်။

“ဒါ့အပြင် ဒီမှာ ကျွန်တော့်အတွက် အားလုံးကအဆင်သင့်ရှိနေပါတယ်။ ဥပမာ အစားအသောက်ပေါ့။ ကျွန်တော် ခရီးသွားစရာလည်းမလိုဘူး။ ပြိုင်ပွဲကျင်းပမယ့်နေရာကလည်း ကျွန်တော့်အားကစားရုံနဲ့ အနီးလေးမှာပဲ။ ဒါကြောင့် ကျွန်တော်အနားယူဖို့ အချိန်အများကြီးရပါတယ်”

ထိုင်းနိုင်ငံတွင်နေထိုင်ရခြင်းကြောင့် အကျိုးရှိသည်မှန်သော်လည်း ပြီးခဲ့သောရက်သတ္တပတ်က သန်းနှင့်ချီသောထိုင်းနိုင်ငံသားများ ထိုင်းနှစ်သစ်ရေကစားပွဲတော်ကိုဆင်နွှဲကြခြင်းကြောင့် စိတ်အာရုံစူးစိုက်မှုကို ထိခိုက်မည့်အချိန်ကာလကိုလည်း ၎င်းရင်ဆိုင် ဖြတ်သန်းခဲ့ရပါသည်။ လူငယ်ဖြစ်၍ ရိုးရာပွဲတော်တွင် ပါဝင်ဆင်နွှဲလိုမည် မဟုတ်ပါလား။

သို့သော် ပုံမှန်အားဖြင့် ပြင်းပြင်းထန်ထန်လေ့ကျင့်တတ်သူ Petchdam သည် Mahmoudi အား ရင်ဆိုင်ထိုးသတ်ရန်အတွက် အဘက်ဘက်မှအသင့်ဖြစ်နေစေရန် အားကစားရုံမှ မထွက်စတမ်း လေ့ကျင့်ပြင်ဆင်နေခဲ့သည်။

“ကျွန်တော် ဒီနှစ်အပြင်ထွက်မလည်ဖြစ်ဘူး။ သူငယ်ချင်းတွေ အားလုံးအပြင်သွားကြတယ်။ သူ့တို့ဗွီဒီယိုဖိုင်တွေ ဖေ့ဘွတ်ခ်မှာ တင်ကြတယ်” ဟု ၎င်းက တမ်းတမ်းတတဆိုသည်။

“ ကျွန်တော်ထွက်လည်ချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်အတွက် ရင်ဆိုင်ထိုးသတ်မှုကအရေးကြီးတယ်။ အထူးသဖြင့် အခုပြိုင်ပွဲပေါ့။ ကျွန်တော့်ရဲ့ပေးဆပ်မှုမှန်သမျှက ကမ္ဘာ့ချန်ပီယံဖြစ်လာရေးပါတယ်။ နောက်နှစ်မှပဲ ထွက်လည်ပါတော့မယ်” ဟု ၎င်းကဆိုသည်။

၎င်းနောက်ဆုံးယှဉ်ပြိုင်ခဲ့သော ONE: CALL TO GREATNESS ပြိုင်ပွဲကြီးတွင် မွေထိုင်းကမ္ဘာ့ချန်ပီယံ Petchdam သည် အားကစားနည်းအသစ်တွင် ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်ခဲ့စဉ်ကကဲ့သို့ပင် စွယ်စုံရသည့်အားကစားသမားဖြစ်ကြောင်း ပြသခဲ့သည်။

ခံနိုင်ရည်မြင့်မားမှုကြောင့် ကျော်ကြားနေသည့် တက်သစ်စကမ္ဘာ့ချန်ပီယံ Masahide “Crazy Rabbit” Kudo နှင့် ယှဉ်ပြိုင်ထိုး သတ်ခဲ့ရခြင်းဖြစ်သော်လည်း Petchdam သည် အားကစားစတိုင်လ်နှင့် စည်းမျဉ်းအသစ်များကို နှစ်ချီမပြည့်ခင်မှာပင် လိုက်လျော ညီထွေဖြစ်စေရန်စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ဘက်ဂျပန်အားကစားသမားအား ဘယ်ဖြောင့်လက်သီးချက်ဖြင့် အလဲထိုးနိုင်ခဲ့သည်။

ယခုအချိန်တွင် Petchdam သည် ၎င်း၏ကစားသမားဘဝအား နောက်တစ်ဆင့်သို့မြှင့်တင်ရန်
အခွင့်အရေးရရှိခဲ့ပြီဖြစ်

“ လက်သီးထိုးချက်တွေ၊ တွဲလုံးတွေနဲ့ လျင်မြန်မှုအတွက် ဒီပွဲမတိုင်မီပြင်ဆင်ခဲ့ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

“ကျွန်တော်လေ့ကျင့်ခဲ့တဲ့နည်းစနစ်တွေကို ကြိုးဝိုင်းထဲမှာ အောင်အောင်မြင်မြင်အသုံးချနိုင်ခဲ့လို့ တကယ်ပဲစိတ်လှုပ်ရှားမိတယ်”

ONE: WARRIORS OF LIGHT ပြိုင်ပွဲကြီးတွင် Petchyindee Academy အသင်းကိုယ်စားပြုယှဉ်ပြိုင်မည့် Petchdam သည် ကစ်ဘောင်ဆင်နည်းစနစ်များအတိုင်း လေ့ကျင့်လျှက်ရှိနေသည်။

ပြီးခဲ့သောဇန်နဝါရီလအတွင်း ၎င်း၏ ပထမဆုံး ONE Championship စူပါစီးရီးမွေထိုင်းပွဲစဉ်အဖြစ် ဂျပန်ပြိုင်ဘက် Yukinori Ogasawara အား ပွဲချိန်သုံးချီအကျော်တွင် အလဲအကွဲထိုးသတ်အနိုင်ယူခဲ့ခြင်းကြောင့် အားကစားပရိသတ်များက Mahmoudi အား အာရုံစိုက်မိလာခဲ့ကြသည်။

အဆိုပါ အံ့မခမ်းအနိုင်ပွဲကြောင့် အသက်(၂၁) နှစ်အရွယ် Mahmoudiသည် ဖလိုင်းဝိတ်တန်း၏ ထိပ်ဆုံးနေရာသို့ရောက်ရှိလာခဲ့ပြီး Petchdam နှင့် ယှဉ်ပြိုင်ရန်ဖြစ်လာခဲ့သည်။

နာမည်ကျော်ထိုင်းအားကစားသမားဖြစ်သည့် Petchdamသည် အယ်ဂျီးနီးယားပြိုင်ဘက်၏ အောင်မြင်မှုနှင့် စွမ်းဆောင်ရည်ကို အလေးထားသိရှိခြင်းကြောင့် ပြိုင်ဘက်အားလွှမ်းမိုးနိုင်ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ကိုသိမ်းပိုက်နိုင်မည့် ထိုးသတ်မှုစတိုင်လ်ကို နှစ်ဆ အားထုတ်လေ့ကျင့်လျက်ရှိနေသည်။

“ကျွန်တော့် သတ်လုံးသတ်ပေါက်စတိုင်လ်ကို Kick Boxing အဖြစ်ပြောင်းလဲခဲ့တယ်။ ဒီပွဲမှာ မွေထိုင်းနဲ့ ကျွန်တော်အနိုင်ရဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တရစပ်တိုက်ခိုက်တဲ့ တွဲလုံးနည်းစနစ်တွေကို ကျွန်တော်အာရုံစိုက်ထားပါတယ်” ဟု ၎င်းက ရှင်းပြသည်။

“ကျွန်တော့်ပြိုင်ဘက်က ခွန်အားအပြည့်ပါတဲ့လက်သီးတွေ ပိုင်ဆိုင်ထားသလို တကယ့်ကိုခေတ်မီတဲ့ တိုက်ခိုက်မှုပုံစံလည်းရှိသူပါ။ ပိုပြီးသေးငယ်တဲ့လက်အိတ်စွပ်ပြီး ယှဉ်ပြိုင်ချိန်မှာ လက်သီးချက်တိုင်းက အန္တရာယ်ပေးနိုင်တဲ့အစွမ်းရှိနေပါတယ်။”

“ကျွန်တော် မော်ကြွားပြီးမပြောနိုင်သလို သူ့ကိုလည်း အထင်သေးလို့မရပါဘူး။ ထိထိရောက်ရောက်တိုက်ခိုက်နိုင်မယ့် နှစ်ဦးကြားကအလှမ်းအကွာအဝေး၊ အချိန်ကိုက်ထိုးသတ်မှုနဲ့ ရှောင်တိမ်းကစားမှုတွေကိုသုံးပြီး သူ့ကိုအနိုင်ယူရပါလိမ့်မယ်” ဟု ပြောကြားသွားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top