ဝိုင်ပုလင်းခွံတစ်လုံးကနေ အစပြုခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး Recycle စီမံကိန်း

26-2-2022-yyl10.jpg

ဝိုင်ပုလင်းခွံတစ်လုံးကနေ အစပြုခဲ့တဲ့ အိုင်ဒီယာဟာ ကမ္ဘာ့အကြီးဆုံး Recycle စီမံကိန်းတစ်ခု ဖြစ်လာခဲ့ပြီး ဂေဟစနစ်နဲ့ ကိုက်ညီတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း ထုတ်လုပ်နိုင်မှု ဖြစ်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့မှာ နေထိုင်တဲ့ ဇနီးမောင်နှံ ၂ ယောက်ဟာ ဝိုင်ပုလင်းခွံကို အမှိုက်ပုံမှာ လွှင့်ပစ်လိုက်ရင် ဇီဝနည်းအတိုင်း ဆွေးမြေ့ပျက်စီးသွားမှာမဟုတ်တဲ့အကြောင်း စကားစမိရာကနေ ပုလင်းခွံတွေကို ပြန်လည်အသုံးပြုနိုင်မယ့်နည်းလမ်းကို စဉ်းစားခဲ့ကြတာပါ။

သူတို့က ပုလင်းခွံတွေ လိုက်ကောက်ပြီး အနုစားဖန်မှုန့်လေးတွေဖြစ်အောင် ကြိတ်ပစ်ခဲ့ကြပါတယ်။ အဲဒီဖန်မှုန့်လေးတွေဟာ သဲအစားထိုး ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သလို ဖန်ပုလင်းပြန်လုပ်ဖို့လည်း အသုံးပြုနိုင်လို့ သူတို့ရဲ့ Glass Half Full (ဖန်ပုလင်းခွံ ပြန်လည်အသုံးပြုနိုင်ရေး) စီမံကိန်းက အောင်မြင်ခဲ့ပါတယ်။

ဖန်ပုလင်းတွေကို ဂရုတစိုက်နဲ့ စနစ်တကျ ပြန်သုံးနိုင်အောင်လုပ်မယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ပြန်သုံးလို့ရပေမဲ့ အမေရိကန်နိုင်ငံမှာ ဖန်ပုလင်း ၄ ပုံ၊ ၁ ပုံလောက်ကိုပဲ ပြန်လည်အသုံးပြုလျက်ရှိပါတယ်။ အမှိုက်ပုံကို ရောက်လာချိန်မှာ ဖန်ပုလင်းတွေက ညစ်ပတ်၊ ကွဲအက်နေကြတဲ့အတွက် အမေရိကန်နိုင်ငံရဲ့ ဒေသရာချီမှာ ဖန်ပုလင်း ပြန်လည်အသုံးပြုရေးစီမံကိန်းကို ရပ်နားထားခဲ့ရပါတယ်။

ဒါပေမဲ့ ဖန်ပုလင်းတွေကို ဖန်မှုန့်နုနုလေးတွေဖြစ်အောင် ကြိတ်ပြီး ပြန်အသုံးပြုမယ့် Glass Half Full ရဲ့ အိုင်ဒီယာကတော့ ဒီပြဿနာအတွက် ဖြေရှင်းနည်းဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း မကြာသေးခင်က ကျင်းပခဲ့တဲ့ လူဝီစီယားနားပြည်နယ်အလှ ထိန်းသိမ်းရေးညီလာခံမှာ Glass Half Full စီမံကိန်းက The Most Innovative Program ( အကောင်းဆုံးဆန်းသစ်တီထွင်မှုဆု) ဆွတ်ခူးနိုင်ခဲ့တာပါ။

သူတို့က စက်ရုံတွေ၊ အမှိုက်ပုံတွေကနေ ဖန်ပုလင်းခွံတွေကို လိုက်ကောက်ပြီးရင် အမျိုးအစားခွဲပြီး သံနဲ့ ဝိုင်ပုလင်းအစို့တွေကို ဖယ်ရှားရှင်းလင်းတယ်။ ပြီးရင် အမှုန့်နုနုလေးတွေ ဖြစ်သွားအောင် ကြိတ်ပြီး ဖန်မှုန့်တွေချည်းပဲ ပြန်ရောင်းသလို ဖန်ထည်ပြန်ချက်တာမျိုးလည်း လုပ်ပါတယ်။

ကမ္ဘာတစ်ဝန်း သဲရှားပါးပြတ်လပ်နေချိန်အတွင်း လူဝီစီယားနားပြည်နယ် ကမ်းရိုးတန်းမှာ ဖန်မှုန့်တွေခင်းပြီး ကမ်းရိုးတန်းမပျက်စီးအောင် ကာကွယ်ပေးနိုင်ဖို့ သူတို့က မျှော်လင့်နေပါတယ်။ သဲတူးတဲ့လုပ်ငန်းဟာ လူအင်အား လိုအပ်ချက်များပြီး မြစ်ကမ်းပါးနဲ့ ဂေဟစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

နယူးအော်လင်းမြို့ဟာ သဲမှာယူတင်သွင်းဖို့အတွက် ဒေါ်လာသန်းချီ သုံးစွဲနေရပြီး ဖန်မှုန့်နုနုတွေကို သဲအစားထိုးကုန်ကြမ်းအဖြစ် အသုံးပြုရင် ငွေကြေးအကုန်အကျ သက်သာစေမှာဖြစ်သလို ဂေဟစနစ်ကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်စေမှာပါ။

Ref: Goodnews “College Seniors Fix Erosion in New Orleans By Resuming Citywide Bottle Recycling to Crush Them For Sand”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top