ထူးခြားရောဂါကြောင့် တစ်နေ့ကို ၁၅ ကြိမ် သတိလစ်လေ့ရှိပေမဲ့ ဘွဲ့ ၄ ခု ရယူနိုင်တော့မယ့် ကျောင်းသူ

4.4.2023-yyl-iamge-2.jpg

” ခန္ဓာကိုယ်က မစွမ်းပေမဲ့ ကျွန်မအိပ်မက်တွေကိုတော့ မစွန့်လွှတ်ချင်ခဲ့ဘူး” . . .။ ဒီစကားကို ပြောခဲ့သူကတော့ အာရုံကြောကစဉ့်ကလျားဝေဒနာကြောင့် တစ်နေ့ကို ကြိမ်ဖန်များစွာ သတိလစ် လဲကျလေ့ရှိပေမဲ့ ဘွဲ့ ၄ ဘွဲ့ ရယူနိုင်တော့မယ့် ကျောင်းသူ ဆစ်ဒနေအဘဲလ်ပါ။

အရီဇိုးနားပြည်နယ်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ အဘဲလ်ဟာ အထိုင်၊ အထ လုပ်တဲ့အခါ အာရုံကြောစနစ် ကစဉ့်ကလျားဖြစ်ပြီး နှလုံးခုန်မြန်လာတာ၊ မူးဝေတာ၊ ပင်ပန်းနွမ်းနယ်တာ အစရှိတဲ့ ဝေဒနာတွေ ခံစားရတတ်တဲ့ Postural Orthostatic Tachycardia Syndrome (POTS) အခြေအနေ ခံစားနေရသူပါ။

ကောလိပ်ကျောင်းသူဘဝ ပထမဆုံးနေ့မှာပဲ သတိလစ် လဲကျသွားခဲ့လို့ အဘဲလ်ကို အရေးပေါ်လူနာတင်ယာဉ်နဲ့ ဆေးရုံပို့ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းကစပြီး သူဟာ တစ်နေ့ကို ကြိမ်ဖန်များစွာ သတိလစ်သွားလေ့ရှိပြီး ရောဂါပြင်းတဲ့နေ့မျိုးဆိုရင် တစ်နေ့ကို ၁၅ ကြိမ်လောက် သတိလစ်သွားတတ်ပါတယ်။ နောက်ပိုင်းမှာ သူက အဲဒီအခြေအနေကို ထိန်းနိုင်ခဲ့ပေမဲ့ တစ်ရက်ကို ၁ ကြိမ်ကနေ ၃ ကြိမ်ကြား သတိလစ်ဆဲပါပဲ။

ခန္ဓာကိုယ်က မစွမ်းပေမဲ့ စိတ်ဓာတ်ခိုင်မာတဲ့ အဘဲလ်ဟာ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားချင်တဲ့ သူ့အိပ်မက်ကို မစွန့်လွှတ်ခဲ့ပါဘူး။ လာမယ့်မေလမှာတော့ အဘဲလ်ဟာ စီးပွားရေးဥပဒေဘွဲ့၊ စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်ဘွဲ့၊ အားကစားဆိုင်ရာ စီးပွားရေးဘွဲ့၊ အနုပညာ(ဓာတ်ပုံ) ဘွဲ့ အစရှိတဲ့ ဘွဲ့ ၄ ခု ရတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ပျမ်းမျှရမှတ်က 4.13 GPAအထိ ရှိပြီး အမှတ်(၁၀၀) စကေးနဲ့ တွက်ရင်တော့ ပျမ်းမျှရမှတ် ၉၇ မှတ်လောက် ရရှိခဲ့တာပါ။

Ref: College Student Pushes Past Nerve Disorder To Graduate With Four Degrees

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top