၀က်ဝံကို လက်ဗလာနဲ့ ရင်ဆိုင်ပြီး သူငယ်ချင်းရဲ့အသက်ကို ကယ်ခဲ့သူ

19-10-2022-yyl-14-1.jpg

ကောလိပ်ကျောင်းသား နပန်းသမားတစ်ယောက်ဟာ ဝက်ဝံကို လက်ဗလာနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး သူငယ်ချင်းဖြစ်သူကို အသက်ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အားလပ်ရက်က အမေရိကန်နိုင်ငံ ဝိုင်အိုမင်းပြည်နယ်မှာ အခုလို ဖြစ်ခဲ့တာပါ။

ကန်ဒဲလ်နဲ့ ဘရက်ဒီတို့ သူငယ်ချင်းနှစ်ယောက် အမဲလိုက် ထွက်ကြရင်း ဝက်ဝံညိုတစ်ကောင်က ဘရက်ဒီကို တိုက်ခိုက်ခဲ့တာပါ။ အဲဒီအချိန်မှာ ကန်ဒဲလ်က ဝက်ဝံကို ခုန်အုပ်ပြီး နားရွက်ကို အားနဲ့ ဆွဲပစ်ခဲ့ပါတယ်။

” ဝက်ဝံကို နားရွက်ကနေ ဆွဲလိုက်တာပါ။ အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းကို သူ ကိုက်လိုက်တာ သိလိုက်တယ်။ အရိုးကို ထိသွားတဲ့ နာကျင်မှုလည်း ခံစားလိုက်ရတယ်။ အရိုးကျိုးသွားသလိုမျိုးပါ” လို့ ကန်ဒဲလ်က ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဒီဖြစ်ရပ်မှာ ဒဏ်ရာပိုပြင်းထန်တဲ့ ကန်ဒဲလ်ကို အရေးပေါ်ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ခဲ့ရပြီး ဘရက်ဒီကိုတော့ လူနာတင်ယာဉ်နဲ့ ဆေးရုံပို့ခဲ့တာပါ။

ကြောက်မက်ဖွယ် ဒီဖြစ်ရပ်မှာ သူတို့သူငယ်ချင်းနှစ်ယောက်လုံး အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ ခွဲစိတ်ကုသမှု တော်တော်များများ လုပ်ခဲ့ရပါတယ်။ ကန်ဒဲလ်နဲ့ ဘရက်ဒီတို့ဟာ အနောက်မြောက်ကောလိပ်ရဲ့ နပန်းအသင်းသားတွေပါ။

” သူ့ကို ကျွန်တော် ဘယ်လိုပြန်ပေးဆပ်ရမှန်းတောင် မသိတော့ပါဘူး။ ကျွန်တော့်အပေါ်မှာ သူ့ကျေးဇူးအနန္တရှိပါတယ်။ ဘဝတစ်လျှောက်လုံး ကျွန်တော်တို့နှစ်ယောက် အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ဆက်ရှိနေမှာပါ” လို့ သူငယ်ချင်းဖြစ်သူ ကန်ဒဲလ်ရဲ့ သူရဲကောင်းဆန်ဆန် အသက်စွန့်ကယ်တင်မှုနဲ့ပတ်သက်ပြီး ဘရက်ဒီက ပြောပါတယ်။

Ref: College Wrestler Jumps On Grizzly’s Back To Save His Friend During Attack

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top