မသေဆုံးခင် မိသားစုအတွက် ချန်ထားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်လူနာရဲ့ဝမ်းနည်းစရာ စာတစ်စောင်

27-4-2020-yyl-006.jpg

ကွန်နက်တီကတ်ပြည်နယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေနဲ့ သေဆုံးသူဦးရေက မြင့်တက်နေပါတယ်။ အဲဒီပြည်နယ်ကပဲ ကိုရိုနာဗိုင်းရပ်စ်ရောဂါခံစားနေခဲ့ရတဲ့ ဂျိုနသန် ကိုးလ်ဟို ဆိုသူ အမျိုးသားဟာ သူ မသေဆုံးခင်မှာ သူ့ရဲ့ဇနီးနဲ့ ကလေးတွေကို သူ ဘယ်လောက်ချစ်ကြောင်းနဲ့ သူ့ဘဝမှာ သူတို့ကို ပိုင်ဆိုင်ခဲ့ရတာ ဘယ်လောက်ကံကောင်းခဲ့ကြောင်းရေးသားထားတဲ့စာတစ်စောင်ကို ချန်ထားခဲ့တယ်လို့ သတင်းမီဒီယာတွေအရ သိရပါတယ်။

ဂျိုနသန်က အသက် (၃၂) နှစ်အရွယ်ဖြစ်ပြီး Danbury မြို့ရဲ့ဆေးရုံတစ်ခုမှာ ဆရာဝန်တွေက သူ့ရဲ့အသက်ရှုပိုက်ကို မဖြုတ်ခင်၊ COVID-19 ကြောင့် ဧပြီလ ၂၂ ရက်နေ့မှာ မသေဆုံးခင်အပတ်က သူ့မိသားစုအတွက် စာတစ်စောင်ရေးသားခဲ့တာပါ။ သူ့ဇနီး ကေတီ ကိုးလ်ဟိုဟာ သူ သေဆုံးခဲ့ပြီးနောက်မှာ သူ့ရဲ့ဖုန်းကို ဖွင့်ကြည့်ခဲ့တဲ့အခါမှာ ဒီစာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဂျိုနသန် ချန်ရစ်ခဲ့တဲ့ ဝမ်းနည်းစရာစာလေးမှာတော့ “မင်းတို့အားလုံးကို ငါ့နှလုံးသားတစ်ခုလုံးနဲ့ ချစ်ပါတယ်။ မင်းတို့က ငါ လိုချင်တောင်းတခဲ့တဲ့ အကောင်းဆုံးဘဝကို ပေးခဲ့ပြီးပါပြီ။ မင်းရဲ့ခင်ပွန်းတစ်ယောက်ဖြစ်ခဲ့တဲ့အတွက်ရော၊ ဘရားဒင်နဲ့ ပန်နီတို့ရဲ့ ဖခင်ဖြစ်ခဲ့ရတဲ့အတွက်ရော ငါ အရမ်းကံကောင်းပါတယ်။ ကေတီ… မင်းက ငါတွေ့ခဲ့ဖူးတဲ့ အလှဆုံးနဲ့ဂရုစိုက်ဆုံးလူတစ်ယောက်ပါ။ မင်းက တကယ်ကို တစ်ယောက်သောသူပါ။ မင်း ငါ့ကို ချစ်သွားမိစေခဲ့တဲ့ ရည်မှန်းချက်တွေ၊ ပျော်ရွှင်မှုတွေနဲ့ နေထိုင်သွားပါ။ ကလေးတွေအတွက် အကောင်းဆုံးမိခင်အဖြစ် မြင်တွေ့သွားရတာက ငါ ကြုံတွေ့ခံစားမိခဲ့တဲ့ အကောင်းဆုံးအရာပါပဲ” လို့ ရေးသားထားပါတယ်။

အဲဒီနောက် သူ့ရဲ့သားနဲ့ သမီးတွေအတွက် ရည်ညွှန်းပြီးလည်း စာရေးသားခဲ့ပါသေးတယ်။ “သားလေး ဘရားဒင်သိပါစေ။ သားဟာ အဖေရဲ့အကောင်းဆုံးအဖော်မွန်ပါ။ မင်း လုပ်ခဲ့တဲ့အရာအားလုံးအတွက် မင်းရဲ့ဖခင်ဖြစ်ရတာ ငါ ဂုဏ်ယူပါတယ်။ ဆက်လက်ပြီးတော့ ကောင်းတဲ့အရာတွေ လုပ်သွားပါ။ သမီးလေး ပန်နီသိပါစေ။ သမီးက မင်းသမီးလေးပါ။ ဘဝမှာသမီးလေး လိုချင်တာ မှန်သမျှ ရနိုင်ပါတယ်။ အဖေ အရမ်းကံကောင်းပါတယ်” လို့ ရေးသားခဲ့တာပါပဲ။ ဂျိုနသန်ရဲ့ဝမ်းနည်းစရာစာတစ်စောင်ကို သူ့ဇနီး ကေတီက ဖေ့စ်ဘွတ်ခ်ပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။

ကေတီက သူ့ခင်ပွန်း ကြုံတွေ့ခဲ့ရတဲ့ ရောဂါအခြေအနေကိုလည်း ထုတ်ပြောပြထားပါတယ်။ ဂျိုနသန်က အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာကို မတ်လ ၂၆ ရက်နေ့က စတင်ခံစားခဲ့ရပါတယ်။ သူ့နေမကောင်းမဖြစ်ခင် တစ်ပတ်လောက်မှာ နေမကောင်းတဲ့သားလေးရှိနေတဲ့အတွက် အိမ်မှာပဲ သီးခြားနေထိုင်ခဲ့ပါတယ်။ “ကျွန်မတို့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ခဲ့တယ်။ လက်ဆေးတာ၊ Social distancing လုပ်တာတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့မိသားစုကို ကူးစက်ခဲ့ပါတယ်။ ဂျိုနသန်က အသက်ရှုရခက်တာအပြင် လူကို ထိုင်းမှိုင်းစေတဲ့ ဆိုးဆိုးရွားရွားခေါင်းကိုက်ခဲ့ပါတယ်။ အစာအိမ်နာတာအပြင် အနံ့၊ အရသာတွေလည်း ခံနိုင်စွမ်းမရှိတော့ဘူးလို့ ဆိုပါတယ်။ အိမ်ရာထဲ လဲလျောင်းနေပေမဲ့ ဆိုးရွားလာခဲ့ပြီး လည်ချောင်းမှာ တစ်ခုခုက ညှစ်ထားသလို ခံစားခဲ့ရပြီးတဲ့နောက်မှာ ဂျိုနသန် ဆေးရုံတက်ခဲ့ရပါတယ်။

ဂျိုနသန်က မတ်လ ၃၁ ရက်နေ့မှာ အသက်ရှုစက်နဲ့ အသက်ရှုပိုက်တွေ တပ်ခဲ့ရပါတယ်။ ဧပြီလ ၁၂ရက်နေ့မှာတော့ သူ့ရဲ့ကျောက်ကပ်က အလုပ်မလုပ်တော့တဲ့အတွက် ကျောက်ကပ်သန့်စင်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ဂျိုနသန်ရဲ့အခြေအနေက နည်းနည်းကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီလ ၂၂ ရက်နေ့မှာ ဂျိုနသန်ဟာ သေဆုံးသွားခဲ့တယ်လို့ ကေတီက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။ ဂျိုနသန်က လူတိုင်းကို အပြုံးလေးနဲ့ အမြဲတမ်းနှုတ်ဆက်တတ်ပါတယ်။ တနင်္ဂနွေနေ့တိုင်း သူ့ရဲ့ကလေးတွေနဲ့ အားကစားပွဲတွေကြည့်ရတာ ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။

ဂျိုနသန်မရှိဘဲ သူ့ရဲ့ဘဝက ဘယ်လိုဖြစ်မလဲဆိုတာ သူမသိဘူးလို့ ကေတီက ပြောခဲ့ပါတယ်။ “ကျွန်မတို့ ခံစားနေရတဲ့ နာကျင်မှုတွေကို ဖော်မပြနိုင်လောက်အောင်ပါပဲ။ ကျွန်မတို့ရဲ့အရာအားလုံးကို ကျွန်မတို့ဆီကနေ အခိုးခံလိုက်ရပါတယ်။ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့အတွက် ကျွန်မရဲ့နှလုံးသားတောင် မပျက်စီးနိုင်ရှာတော့ပါဘူး” လို့ ကေတီက ပြောပါတယ်။

Ref: NBC “Connecticut dad, 32, writes heart-wrenching note to wife, kids before dying of coronavirus”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top