၁၉၉၂ ခုနှစ်က ပေးခဲ့တဲ့ကတိအတိုင်း ထီဆုငွေကို သူငယ်ချင်းနဲ့ ခွဲဝေယူခဲ့သူ

27-7-2020-yyl-013.jpg

တချို့လူတွေအတွက် “ကတိ” ဆိုတာ တည်ဖို့ ခဲယဉ်းကောင်း ခဲယဉ်းနိုင်ပါတယ်။ ဒါပေမဲ့ လူရယ်လို့ဖြစ်လာရင် မိမိပေးထားတဲ့ကတိကို တည်အောင်တော့ ထိန်းသိမ်းသင့်ပါတယ်။ ဝစ္စကွန်းဆင်းပြည်နယ်က သောမတ်စ် ကွတ်ခ် (Thomas Cook) ဆိုတဲ့အမျိုးသားတစ်ယောက်ကတော့ ကတိတစ်လုံးနဲ့ လူလုပ်နေတယ်လို့တောင် ပြောလို့ရပါတယ်။ အဲဒီအမျိုးသားက ပေးခဲ့ဖူးတဲ့ကတိကို နှစ်အကြာကြီး ထိန်းထားနိုင်ခဲ့ပါတယ်။ ၁၉၉၂ခုနှစ်မှာ သူတို့သူငယ်ချင်းနှစ်ယောက် ကတိတစ်ခုထားခဲ့ကြတာပါ။ အဲဒီကတိကတော့ သူတို့နှစ်ဦးထဲက တစ်ဦးဟာ Powerball jackpot ဆု ပေါက်ခဲ့ရင် ဆုကြေးငွေကို အတူတူခွဲယူကြမယ်ဆိုတာပါပဲ။

နှစ် (၃၀) နီးပါးအကြာမှာတော့ သောမတ်စ်ဟာ Jackpot ဆုပေါက်ခဲ့ပြီး သူ့ကတိကို တည်ခဲ့ပါတယ်။ သောမတ်စ်က ဇွန်လ ၁၀ ရက်နေ့အတွက် Powerball လက်မှတ်တစ်စောင်ကို ဝယ်ယူခဲ့ပြီးနောက် အခုလအစောပိုင်းမှာ ဆုကြီးပိုင်ဆိုင်ခဲ့ရပါတယ်။ သူဟာ ကန်ဒေါ်လာ (၂၂) သန်းပေါက်တယ်ဆိုတာကို သိရှိခဲ့ပြီးတဲ့နောက်မှာ သူ့သူငယ်ချင်း ဂျိုးဖီနေး (Joe Feeney) ကို ခေါ်ပြီး အဲဒီသတင်းကို ပြောပြခဲ့ပါတယ်။ “သူက ကျွန်တော့်ကို ခေါ်တယ်။ ကျွန်တော်က “မင်း ငါ့ကို စနေတာလား သူငယ်ချင်းရာ”လို့ ပြောခဲ့တယ်”လို့ ဂျိုးဖီနေးက ပြောပါတယ်။ သူတို့နှစ်ဦးက အပတ်တိုင်း ထီလက်မှတ်ကို ဝယ်ခဲ့ပေမဲ့ ဒီတစ်ခါ တကယ်ပေါက်သွားလိမ့်မယ်လို့ မထင်ခဲ့တာကြောင့် သောမတ်က သူ့ကို စနေတယ်လို့ပဲ ဂျိုးက ထင်ခဲ့တာဖြစ်ပါတယ်။

သောမတ်စ်နဲ့ ဂျိုးတို့က Jackpot အတွက် ဒေါ်လာ (၁၆.၇) သန်း ရရှိခဲ့ပြီး အစိုးရကို အခွန်ဆောင်ပြီးတဲ့နောက်မှာ တစ်ယောက်ကို ဒေါ်လာ (၅.၇) သန်းစီ ခွဲယူနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးက အခုလို Jackpot ဆု ပိုင်ဆိုင်ရတဲ့အတွက် အလုပ်ကနေ ပျော်ရွှင်စွာ အငြိမ်းစားယူမယ့်အစီအစဉ်အပြင် အခြားဘာအစီအစဉ်မှ မရှိသေးဘူးလို့ သိရပါတယ်။ ဂျိုးဖီနေးက မီးသတ်ဌာနကနေ အငြိမ်းစားယူခဲ့ပြီးသားဖြစ်ပါတယ်။ သောမတ်စ်ကတော့ Jackpot ဆုပေါက်ပြီးတဲ့နောက်မှာ အနားယူဖို့အတွက် နှစ်ပတ် Notice တင်ထားခဲ့ရပါတယ်။ အခုဆိုရင် သူတို့တွေက သူတို့လုပ်ချင်တာတွေ လုပ်လို့ရပြီလို့ ပြောပါတယ်။ “ကောင်းကောင်းအနားယူတာအပြင် အခြားအရာတွေကို မစဉ်းစားလို့မရဘူး”လို့ သောမတ်စ်က ပြောပါတယ်။

သူတို့နှစ်ဦး အတူတူလုပ်လို့ရတဲ့ အရာတစ်ခု၊ ခရီးထွက်တာပဲဖြစ်ဖြစ် လုပ်ချင်တယ်လို့သိရပါတယ်။ “သူငယ်ချင်းသံယောဇဉ်ရဲ့စွမ်းအားက ကောင်းကျိုးဖြစ်ခဲ့ပါပြီ။ သူတို့အတွက် ကျွန်မ ပီတိဖြစ်မိပါတယ်။ သူတို့ရဲ့ကံကောင်းတဲ့နေ့ ရောက်လာခဲ့ပါပြီ”လို့ Wisconsin Lottery ဒါရိုက်တာ စင်ဒီ ပေါလ်ဇင် (Cindy Polzin) က ပြောပါတယ်။

Ref: CBSNews “Man keeps promise made in 1992 and splits $22 million lottery winnings with friend”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top