အကွာအဝေးအကန့်အသတ်မရှိပျံသန်းနိုင်ပြီး ပစ်ချဖျက်ဆီးဖို့မလွယ်တဲ့ နျူစွမ်းအင်သုံးဒုံးကျည်ကို ရုရှားစမ်းသပ်

9955380-0-image-m-20_1550490976155.jpg

ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ရုရှားက အနောက်နိုင်ငံတွေရဲ့ကာကွယ်ရေးဆိုင်ရာနည်းစနစ်အားနည်းချက်ကို သက်သေပြတဲ့အနေနဲ့ သူတို့ရဲ့ ကာလရှည်ပျံသန်းနိုင်စွမ်းရှိ နျူစွမ်းအင်သုံးဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပြလိုက်ကြောင်းသိရပါတယ်။

အကွာအဝေးအကန့်အသတ်မရှိပစ်ခတ်နိုင်စွမ်းရှိပြီး ကိုယ်ပိုင်ထိန်းချုပ်နည်းစနစ်တွေပါဝင်နေတဲ့ ဗျူရက်ဗက်စ်တင့်ခ် (Burevestnik) အမည်ရ ဒီဒုံးကျည်ကို စမ်းသပ်နေတဲ့အကြောင်းကို သေချာစေတဲ့ရုပ်သံဖိုင်တစ်ခုကိုလည်း ရုရှားသတင်းဌာနတစ်ခုက ပြီးခဲ့တဲ့ သောကြာနေ့မှာ တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ နေ့စွဲအတိအကျမပါဝင်တဲ့လွှတ်တင်နေမှုမြင်ကွင်းနဲ့ ဒီဒုံးကျည်ကိုဖန်တီးခဲ့တဲ့ ကာကွယ်ရေးဌာနလျို့ဝှက်နေရာတစ်ခုအတွင်းကပုံရိပ်တွေ ပါဝင်နေတာတွေ့ရပါတယ်။

သီအိုရီအရ Burevestnik ဒုံးကျည်ဟာ နျူစွမ်းအင်ကိုအသုံးပြုထားတာကြောင့် အချိန်မြောက်မြားစွာ ပျံသန်းနေနိုင်စွမ်းရှိတဲ့အပြင် ပစ်မှတ်ကို ချဉ်းကပ်ပြီးပစ်ခတ်ဖို့အမိန့်မရမချင်း ကမ္ဘာပတ်ပြီးသွားနေနိုင်စွမ်းတောင်ရှိတယ်လို့ ဆိုထားပါတယ်။

သိပ္ပံပညာရှင်တွေက နျူစွမ်းအင်ထုတ်ပေးတဲ့ပင်မအစိတ်အပိုင်းကို ဒုံးကျည်အတွင်းတပ်ဆင်နိုင်တဲ့အထိ သေးငယ်အောင်ဖန်တီးပြီး ဒုံးကျည်ရဲ့အင်ဂျင်ကို စွမ်းအင်ပေးနိုင်စေဖို့ အဆင့်မြှင့်မှုတွေလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေအပေါ် အနောက်နိုင်ငံတွေက ယုံမှားသံသယရှိနေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်မတ်လအတွင်းမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဖန်တီးနေတဲ့လက်နက်တွေရဲ့အကြောင်းကို ပြောဆိုခဲ့စဉ် ဒါတွေထဲကတစ်ခုဟာ သေးငယ်ပြီး နျူစွမ်းအင်ကိုအားပြုသုံးထားကြောင်း၊ ရုရှားရဲ့နောက်ဆုံးထုတ် X-101 ဒုံးကျည် ဒါမှမဟုတ် အမေရိကန်ရဲ့Tomahawk ဒုံးကျည်တွေနဲ့ ပုံစံတူ ဒုံးကျည်တစ်စင်းထဲမှာ ထည့်သွင်းတပ်ဆင်နိုင်ကြောင်းနဲ့ ဒုံးကျည်ရဲ့သွားနိုင်စွမ်းဟာလည်း အကန့်အသတ်မရှိကြောင်းပြောဆိုခဲ့ဖူးပါတယ်။

ထိပ်တန်းလျို့ဝှက်အတင့်စမ်းသပ်မှုနဲ့ပတ်သက်တဲ့ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးဘဲ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီသတင်းအပေါ် တစ်စုံတရာမှတ်ချက်ပြုပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

သြဂုတ်လအတွင်းက CNBC ရဲ့သတင်းတစ်ခုမှာတော့ ရုရှားအနေနဲ့ ရုရှားနဲ့ နော်ဝေးရဲ့အနီး မြောက်ဘက်က ဘားရန့်စ် (Barents Sea) ပင်လယ်ပြင်ထဲကို ပျက်ကျခဲ့တဲ့ နျူစွမ်းအင်သုံး Burevestnik စမ်းသပ်ဒုံးကျည်ကို ပြန်တွေ့ဖို့ ရှာဖွေနေကြောင်း အခိုင်အမာပြောဆိုထားခဲ့တာကို တွေ့ရပါတယ်။

Ref: Dailymail “Russia claims to have successfully tested a NUCLEAR-POWERED cruise missile that can fly forever”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top