လေလွင့်ခွေးနဲ့မသန်စွမ်းခွေးတွေကို ဂရုစိုက်စောင့်ရှောက်ဖို့အတွက် ထိုင်းနိုင်ငံရဲ့ကျွန်းတစ်ကျွန်းမှာ ပြောင်းနေခဲ့တဲ့ စုံတွဲ

5-6-2020-yyl-001.jpg

ခွေးချစ်တဲ့သူတိုင်းမှာ ခွေးတွေအများကြီးနဲ့ လှပအေးချမ်းတဲ့နေရာတစ်ခုမှာ နေထိုင်ချင်တဲ့အိပ်မက်တွေ ရှိကြပါတယ်။ ခွေးချစ်သူ ဒီစုံတွဲလေးကတော့ အခုဆိုရင် သူတို့ရဲ့အိပ်မက်လေးကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ လစ်သူယေးနီးယားနိုင်ငံက မန်တတ်စ်နဲ့ ရီဆာတို့စုံတွဲက ထိုင်းနိုင်ငံကို အလည်အပတ်အနေနဲ့ သွားခဲ့တာဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာ နေဖြစ်ခဲ့ပြီး Koh Kood ကျွန်းက လေလွင့်ခွေးတော်တော်များများအတွက် မိဘတွေ ဖြစ်လာခဲ့ကြပါတယ်။ ထိုင်းနိုင်ငံက လေလွင့်ခွေးတွေကို ဂရုစိုက်ရင်းနေဖြစ်ခဲ့တဲ့အကြောင်းကတော့ လစ်သူယေးနီးယားနိုင်ငံကနေ ထိုင်းနိုင်ငံကို လာလည်တဲ့အချိန် လွန်ခဲ့တဲ့ (၆) နှစ်က စတင်ခဲ့တာပါ။ အဲဒီနောက်မှာ ကျွန်းကို ရှာတွေ့ခဲ့ပြီး ဒီမှာ နှစ်အကြာကြီး လာနေဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ထိုင်းနိုင်ငံကို လာလည်တုန်းက သူတို့စုံတွဲဟာ သူတို့အိမ်က ခွေးလေး ဖျားနာမှုကြောင့် သေဆုံးခဲ့တဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သူတို့လုပ်နိုင်ခဲ့တာဆိုလို့ ဖုန်းကနေတဆင့်ပဲ နှုတ်ဆက်စကားပြောခဲ့ရတာလေးပါပဲ။ သူတို့ခွေးလေးသေသွားခဲ့တဲ့အတွက် ဝမ်းနည်းပူဆွေးရင်းနဲ့ လေလွင့်ခွေးလေးတစ်ကောင်ကို မွေးစားဖို့ဆုံးဖြတ်ခဲ့ပြီး ဇူရီကာလို့ နာမည်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်းပေါ်က ခွေးတော်တော်များများက နေမကောင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရှိနေကြတယ်ဆိုတာကို သူတို့စုံတွဲ သတိထားမိခဲ့ကြပါတယ်။ အဲဒါကြောင့်ပဲ လေလွင့်ခွေးတွေကို ဂရုစိုက်ပြုစုပေးဖို့အတွက် ထိုင်းနိုင်ငံက ကျွန်းကို ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၆) နှစ်ကျော်တုန်းက သူတို့စုံတွဲက မျက်မြင်ခွေး (၂) ကောင်၊ မသန်စွမ်းခွေး (၄) ကောင်အပါအဝင် စုစုပေါင်း ခွေး (၁၅) ကောင်ကို မွေးစားခဲ့ကြပါတယ်။ သူတို့က ခွေးတချို့ကို မွေးထားတာအပြင် ကျွန်းပေါ်က လိုအပ်ချက်ရှိနေတဲ့ခွေးတွေကိုလည်း အစာကျွေးတာ၊ ကျန်းမာရေးစစ်ဆေးပေးတာတွေလုပ်ပေးဖြစ်ခဲ့ပါတယ်။ ကျွန်းပေါ်မှာ ခွေးတွေကို ဂရုစိုက်ပေးနိုင်မယ့် တိရစ္ဆာန်ဆရာဝန်၊ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့တွေမရှိတဲ့အတွက်ကြောင့်ပါ။ သူတို့စုံတွဲက ထိခိုက်ဒဏ်ရာရတဲ့ခွေးတွေကို ရောဂါပိုးမဝင်အောင် Betadine ဆေး၊ ပတ်တီးတွေနဲ့ အနာကို ကုသပေးပါတယ်။ လေလွင့်ခွေးလေးတွေ အဆင်ပြေလားသိရဖို့အတွက် သူတို့စုံတွဲက နေ့တိုင်း မော်တော်ဆိုင်ကယ်နဲ့ (၄၀) ကီလိုမီတာခရီးကို သွားရပါတယ်။ သူတို့တွေက ဒဏ်ရာပြင်းထန်တဲ့ခွေးတွေကို ထိုင်းနိုင်ငံမှာရှိတဲ့ တိရစ္ဆာန်ဆေးရုံကိုတောင် ခေါ်သွားပေးပါတယ်။

၂၀၁၅ခုနှစ်တုန်းက မန်တတ်စ်နဲ့ ရီဆာတို့က ကျွန်းပေါ်က ခွေးတွေများပြားလာမှုကို ထိန်းချုပ်ဖို့အတွက် ပရောဂျက်တစ်ခု စတင်လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ သူတို့က တိရစ္ဆာန်ဆေးကုသရေးကျောင်းနဲ့ ဆေးခန်းတွေ သိအောင်လုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ Khon Kaen University နဲ့ ပူးပေါင်းခဲ့ကာ ကျွန်းပေါ်က ခွေးအကောင်ရေ (၇၀) ကို သင်းကွပ်တဲ့ပရောဂျက်ကို လုပ်ဆောင်ခဲ့ကြပါတယ်။ အခုထိ ဒီပရောဂျက်ကို ဆက်လက်လုပ်ဆောင်နေပြီး သင်းကွပ်ထားတဲ့ခွေးအကောင်ရေ (၁၀၀၀) ကျော်ရှိနေပါပြီ။

မန်တတ်စ်နဲ့ ရီဆာတို့အတွက် မွေးထားတဲ့ခွေး (၁၅) ကောင်ကို ဂရုစိုက်ရတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ သူတို့ငှားနေတဲ့နေရာက ခွေးအများကြီးရှိတာကို မကြိုက်တဲ့အတွက် နေရာအသစ်ရှာဖွေခဲ့ရပါတယ်။ သူတို့စုံတွဲက ကျွန်းပေါ်မှာပဲ နေရာအသစ်တစ်ခုရှာတွေ့ခဲ့ပြီး ခွေး (၁၅) ကောင်နဲ့ ပျော်ရွှင်စွာ နေထိုင်နေကြပါတယ်။ ခွေးချစ်သူတွေကလည်း လေလွင့်ခွေးတွေအတွက် အစားသောက်နဲ့ပိုက်ဆံတွေလှူဒါန်းချင်ရင်တော့ မန်တတ်စ်ရဲ့ဖေ့စ်ဘွတ်ခ်အကောင့် https://tinyurl.com/y95ulnx8 ကနေ ဆက်သွယ်မေးမြန်းနိုင်တယ်လို့သိရပါတယ်။ Koh Kood ကျွန်းမှာ အကူအညီလိုအပ်နေတဲ့ခွေးတွေအားလုံးကို ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ မန်တတ်စ်နဲ့ရီဆာတို့က တကယ်ကျေးဇူးတင်ဖို့ကောင်းပါတယ်။

Ref: Couple Moves To Island In Thailand To Care For Injured And Disabled Dogs

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top