COVID-19 လူနာ မိသားစုဝင်(၄)ယောက်ကို ပြည်ဆေးရုံသို့ လွှဲမယ်

2-4-2020-yyl-041.jpg

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်က COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မိသားစုဝင်(၄)ဦး ကို ပြည်ဆေးရုံသို့ လွှဲပြောင်းကုသသွားမယ်လို့ ပေါက်ခေါင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က ရိုးရာလေးကို ပြောပါတယ်။

”ပြည်ဆေးရုံကိုပို့ဖို့ စီစဉ်နေတယ်။ ဘယ်အချိန်လောက် ပို့ဖြစ်မလဲဆိုတာတော့ မသိရသေးဘူး။ လေးယောက်စလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်”လို့ ဦးသက်မင်းဇော်က ပြောပါတယ်။

လက်ရှိမှာတော့ လူနာ(၄)ဦးနေထိုင်တဲ့ လမ်းကို အသွားအလာကန့်သတ်တာတွေ လုပ်ထားတဲ့အပြင် သူတို့နဲ့ ဆက်စပ်တဲ့လူတွေကိုလည်း Home Quarantine လုပ်ထားတာတွေရှိပါတယ်။ ဒါပေမဲ့ အရေအတွက် အတိအကျတော့ မသိသေးဘူးလို့ ၎င်းကဆိုပါတယ်။

အခုနောက်ဆုံးတွေ့ရှိတဲ့ COVID-19 အတည်ပြုလူနာ(၄)ဦးဟာ ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက် မှာ နေထိုင်သူတွေဖြစ်ပြီးတော့ လူနာအမှတ်(၁၅)နဲ့ အနီးကပ်ထိတွေ့ ဆက်စပ်သူတွေဖြစ်တဲ့အတွက် အသွား အလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုခဲ့ရသူတွေ ဖြစ်ပါတယ်။

ဒီနေ့ရဲ့ ဓာတ်ခွဲစစ်ဆေးချက်အရ လူနာအမှတ်(၁၅)ရဲ့ ခင်ပွန်းဖြစ်သူ အသက်(၄၇)နှစ်၊ သားဖြစ်သူ အသက်(၁၀)နှစ်၊ သမီးဖြစ်သူ အသက်(၈)နှစ်၊ တူမဖြစ်သူ အသက်(၁၈)နှစ် စတဲ့ မိသားစုဝင်(၄)ဦးစလုံးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ရဲ့ ဓာတ်ခွဲအဖြေတွေအရ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၀ ဦးအထိရှိလာခဲ့ပြီး ကင်ဆာရောဂါအခံရှိသည့် လူနာတစ်ဦးကတေ့ မတ် ၃၁ ရက်၊ နံနက်မှာ သေဆုံးသွားခဲ့ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top