ကိုဗစ်တွန်းလှန်နေရတဲ့ စုံတွဲကို အချင်းချင်းတွေ့ဆုံခွင့်ရအောင် သူနာပြုတွေက စီစဉ်ပေးခဲ့ကြ

2-2-2021-yyl33.jpg

အီလီနွိုင်းပြည်နယ်က အိမ်ထောင်သက်တမ်း (၆၃) နှစ်ရှိပြီဖြစ်တဲ့ စုံတွဲတစ်တွဲဟာ ဆေးရုံတစ်ရုံတည်းမှာပဲ သီးခြားနေထိုင်ရင်းနဲ့ ကိုဗစ်ရောဂါကို တွန်းလှန်နေရပါတယ်။ အဲဒါကြောင့် ဆေးရုံက သူနာပြုတွေဟာ သူတို့စုံတွဲကို အချင်းချင်းတွေ့ဆုံပြီး Dinner Date လုပ်နိုင်ဖို့အတွက် စီစဉ်ပေးခဲ့ကြပါတယ်။

အဲဒီစုံတွဲမှာ ဇနီးဖြစ်သူ အသက် ၈၆ နှစ်အရွယ် မာဆာကို တယ်ရီ မာတင်နိုက်ဇ် (Masako Terry Martinez) ကတော့ COVID-19 ရောဂါနဲ့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဆေးရုံတက်ခဲ့ရတာပါ။ နောက်မှ အသက် ၉၃ နှစ်အရွယ် သူ့ခင်ပွန်း ဖရန်ခ် မာတင်နိုက်ဇ်( Frank Martinez) ကလည်း COVID-19 ရောဂါနဲ့ ဆေးရုံတက်ရမယ်ဆိုတာ သိခဲ့ရပါတယ်။ သူကတော့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့စုံတွဲဟာ ဆေးရုံတစ်ရုံတည်းတက်ခဲ့ပေမဲ့ တစ်ခန်းတည်းနေခွင့်မရခဲ့ပါဘူး။ သူတို့ရဲ့မိသားစုဝင်တွေက မာတင်နိုက်ဇ်တို့ကို ခွဲခြားလို့မရသလို အချင်းချင်းအရမ်းမှီခိုကြတယ်လို့ သူနာပြုတွေကို ပြောပြခဲ့ပါတယ်။

ဒါကြောင့် သူနာပြုတွေဖြစ်တဲ့ ကင် ပရီဆန် (Kim Presson) နဲ့ ဟန်နာချ် စချလီမာ (Hannah Schlemer) တို့က အစီအစဉ်တစ်ခုပြုလုပ်ခဲ့ကြပါတယ်။ မာတင်နိုက်ဇ်တို့စုံတွဲ တစ်ယောက်နဲ့တစ်ယောက်မြင်တွေ့ခွင့်ရဖို့အတွက် Dinner Date လုပ်လို့ရအောင် စီစဉ်ပေးခဲ့ကြတာပါ။ သူတို့စုံတွဲ ခွဲခွာပြီး ၅ ရက်မြောက်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ သူနာပြုတွေက ဖရန်ခ်ကို သူ့ဇနီးရဲ့ကုတင်ဘေးကို ခေါ်ဆောင်လာခဲ့ပါတယ်။ သူတို့စုံတွဲဟာ လက်ကိုင်ခွင့်ရနိုင်ခဲ့သလို အတူတူ ညစာလည်း စားနိုင်ခဲ့ပါတယ်။

Dinner Date အတွင်းမှာ သူတို့စုံတွဲနဲ့အတူ သူနာပြုတွေက ပုံအတူတူရိုက်ခဲ့ကြပါတယ်။ အဲဒီပုံက မြန်မြန်ဆန်ဆန်ပဲ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူတို့စုံတွဲကတော့ ဆေးရုံတက်နေရတုန်းပါပဲ။ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။

Ref: CBSNews “Nurses create dinner date for “inseparable” couple battling COVID-19 in separate hospital units”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top