အောင်မြင့်မိုရ်အိမ်ရာမှာ COVID-19 လူနာတွေကို စတင်ထားရှိသွားမယ်

23-9-2020-yyl-015.jpg

ရန်ကုန် စက်တင်ဘာ ၂၃
အောင်မြင့်မိုရ်အိမ်ရာစီမံကိန်းမှာ စက်တင်ဘာ ၂၃ ရက်(ဒီနေ့)ကနေစတင်ပြီး COVID-19 အတည်ပြုလူနာ တွေကို စတင်ထားရှိသွားမယ်လို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ရိုးရာလေးကို ပြောပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း) ရွာသာကြီးအနီးမှာ တည်ဆောက်ထားတဲ့ အောင်မြင့်မိုရ်အိမ်ရာမှာ Hospital Quarantine အနေနဲ့ လူနာပေါင်း ၂၀၀၀ လောက် ထားရှိနိုင်ပေမယ့် လတ်တလောမှာတော့ လူနာ ၁၀၀၀ ကျော် လောက်ပဲ ထားရှိသွားမယ်လို့ သူက ဆိုပါတယ်။

”ပြင်ဆင်ဆောင်ရွက်တဲ့အပိုင်းကတော့ တော်တော်များများပြီးစီးသွားပြီ။ ဒီနေ့မှာတော့ စပြီးထားသွားမယ်။ စက်တင်ဘာ ၂၅ ရက်နေ့မှာ လူနာတွေကို အပြီးထားရှိနိုင်ဖို့အတွက် စီစဥ်ဆောင်ရွက်နေပါတယ်”လို့ ဦးညီညီက ပြောပါတယ်။

အခုလို COVID-19 အတည်ပြုလူနာ ၁၀၀၀ ကျော်ကိုထားရှိနိုင်ဖို့အတွက် စီစဥ်ဆောင်ရွက်ရာမှာ ကျန်းမာ သန်စွမ်းတဲ့လူနာ၊ အသက်အရွယ်ကြီးရင့်တဲ့လူနာ၊ ရောဂါအခံရှိတဲ့လူနာဆိုပြီး အစုအဖွဲ့(၃)ဖွဲ့ခွဲပြီး ထားရှိသွားမှာပါလို့ လည်း ဦးညီညီက ဆိုပါတယ်။

”ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်းတွေကိုလည်း အပြည့်အဝစီစဥ◌်ထားပါတယ်။ အရေအတွက် အတိ အကျကိုတော့ မသိသေးဘူး။ ရေ၊ မီး စတာတွေကိုလည်း သေချာစနစ်တကျလုပ်ပေးထားပါတယ်။ ICU အခန်းတွေ လည်း စီစဥ်ထားပါတယ်”လို့ သူက ပြောပါတယ်။

အောင်မြင့်မိုရ်အိမ်ရာစီမံကိန်းမှာ တိုက် ၁၈ လုံး၊ အခန်းပေါင်း ၃၀၀ ကျော်ရှိပြီးတော့ တစ်ခန်းကို လူနာ ၄ ဦးနှုန်းနဲ့ ထားရှိသွားမှာဖြစ်ပြီးတော့ လူနာတွေအတွက် အကောင်းဆုံးဖြည့်စီးစောင့်ရှောက်သွားမယ်လို့လည်း ဦးညီညီက ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ COVID-19 အတည်ပြုလူနာအရေအတွက်များပြားလာတဲ့တွက် အဲဒီလူနာတွေကို ကုသမှုပေးနိုင်ဖို့အတွက် Hospital Quarantine တွေ၊ လူနာနဲ့ထိစပ်သူတွေကို ထားရှိနိုင်ဖို့အတွက် Quarantine စင်တာတွေ လိုအပ်လာနေတာဖြစ်ပါတယ်။

Photo – Nyi Nyi
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top