ခြိမ်းခြောက်စာလက်ခံရရှိခဲ့တယ်ဆိုတဲ့ အဆိုတော်အာရီယာနာ ဂရန်ဒီနဲ့ ရုပ်ချင်းဆင်တဲ့ အမြွှာညီအစ်မ

7-9-2021-yyl11.jpg

ကနေဒါနိုင်ငံ၊ အွန်တေးရီးယိုးပြည်နယ်မှာ ကမ္ဘာကျော်အဆိုတော်အာရီယာနာ ဂရန်ဒီ (Ariana Grande) နဲ့ ရုပ်ချင်းဆင်တဲ့ အမြွှာညီအစ်မရှိပါတယ်။ အဲဒီအမြွှာညီအစ်မဟာ အဆိုတော်ရဲ့ပရိသတ်တချို့ဆီက အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ လက်ခံရရှိတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ မက်ကန်နာ (Mackenna) နဲ့ တေလာ ပတ်တာဆန် ယော (Taylor Patterson Hall) ဆိုတဲ့ အမြွှာညီအစ်မက Tik Tok မှာ ပရိသတ် ၄၀,၀၀၀ ရှိခဲ့ရာမှ အွန်လိုင်းမှာ နာမည်ကြီးလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတော့ အဲဒီအမြွှာညီအစ်မဟာ Musical.ly အမည်ရတဲ့ အက်ပလီကေးရှင်းမှာ ပို့စ်တွေ စတင်တင်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၉ခုနှစ် မတိုင်ခင်မှာတော့ သူတို့တွေက အဆိုတော် အာရီယာနာ ဂရန်ဒီရဲ့စတိုင်အတိုင်း လိုက်တုခဲ့ပါတယ်။ အဲဒီကနေ ကုန်ပစ္စည်းတံဆိပ်တချို့က သူတို့ကို သဘောကျပြီး လူမှုကွန်ယက်မှာ ကြော်ငြာပေးဖို့ စာချုပ်ချုပ်ဆိုလာခဲ့ကြပါတယ်။

အဆိုတော်အာရီယာနာရဲ့ပရိသတ်တချို့က သူတို့အမြွှာညီအစ်မကို သူတို့ရဲ့အိုင်ဒေါစတိုင်ကို လိုက်ပြီးအတုခိုးတဲ့အတွက် ဝေဖန်ပြောဆိုအပြစ်တင်ခဲ့ကြပါတယ်။ သူတို့ကတော့ အဲဒီလိုပြောဆိုတာတွေကို လျစ်လျူရှုပြီး သူတို့ဘာသာ ပျော်အောင် နေခဲ့ကြတယ်။ အခုဆိုရင် သူတို့ဆီက‌နေ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့စာတွေတောင် လက်ခံနေရပါပြီ။

“ကျွန်မတို့တွေက အာရီယာနာ ဂရန်ဒီရဲ့ပရိသတ်ဖြစ်ခဲ့တာ ကြာလှပါပြီ။ ဒါပေမဲ့ ကျွန်မတို့ အရွယ်ရောက်လာတော့ သူ့ရဲ့စတိုင်ကို ကြိုက်နှစ်သက်လာခဲ့တယ်။ ကျွန်မတို့က အာရီယာနာကို လိုက်တုတယ်လို့ လူတွေကတော့ အမြဲတမ်းပြောနေခဲ့တာပါပဲ။ ဒီကနေ့အထိ ကျွန်မတို့တွေက အာရီယာနာနဲ့ ရုပ်ဆင်တယ်လို့ မထင်တုန်းပါပဲ။ ကျွန်မတို့ကိုယ်ပိုင်စတိုင်နဲ့ အာရီယာနာရဲ့စတိုင်က ဆင်တူတဲ့အတွက် သူ့လိုစတိုင်ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တာပါ။ သူ ဘာလုပ်လုပ်ကြိုက်တယ်”လို့ တေလာက ဆိုပါတယ်။

အဆိုတော်အာရီယာနာရဲ့စတိုင်မျိုး လိုက်လုပ်ရတာကို ရပ်တန့်ပစ်လိုက်ဖို့ အစီအစဉ်မရှိဘူးလို့ သူတို့အမြွှာညီအစ်မက ဆိုပါတယ်။ “ကျွန်မတို့ရဲ့ပုံစံ၊ စတိုင်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုတွေ တော်တော်ရပါတယ်။ တချို့လူတွေက အရမ်းပံ့ပိုးပြီး ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိဖို့ သူတို့ကို တွန်းအားဖြစ်စေတယ်လို့ ပြောကြပါတယ်။ တချို့ကတော့ အပြစ်တင်ဝေဖန်ပြောဆိုကြပါတယ်။

အာရီယာနာရဲ့တချို့ပရိသတ်တွေက သူ့ရဲ့အိုင်ဒေါရဲ့စတိုင်ကို လိုက်တုတယ်ဆိုပြီး တော်တော်မုန်းကြတယ်။ သူတို့တွေက ကျွန်မတို့ကို အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ကြတယ်။ အာရီယာနာနဲ့ပတ်သက်ရင် လူတွေက ဘာလို့အရမ်းအဆိပ်ပြင်းကြတာလဲဆိုတာ ကျွန်မတို့ နားမလည်ဘူး။ ကျွန်မတို့ ဘယ်လိုဝတ်ဝတ် မိတ်ကပ်ဘယ်လိုလိမ်းလိမ်း အဲဒါက အခြားသူတွေကိုမနာကျင်စေပါဘူး။ ကျွန်မတို့ကို ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့လို့ သူတို့ပြောပိုင်ခွင့်မရှိဘူး။ ကျွန်မတို့ ဘယ်သူဆိုတာ ကျွန်မတို့ သိနေရွေ့ ထိခိုက်နာကျင်စေတဲ့ သုံးသပ်ပြောဆိုချက် ဘာတစ်ခုကိုမျှ ကျွန်မတို့ နှလုံးသားထဲထိ မှတ်သားထားမှာမဟုတ်ပါဘူး” လို့ မက်ကန်နာက ဖွင့်ဟခဲ့ပါတယ်။

Ref: Ladbible “Twins Who Look Like Ariana Grande Get ‘Death Threats From Singer’s Fans'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top