ကိုဗစ်ကပ်ရောဂါကြောင့် တိုင်းပြည်တွင်းဆင်းရဲနွမ်းပါးမှုပိုမိုဆိုးဝါးစေပြီး ကလေးအလုပ်သမားအရေအတွက် မြင့်တက်လာနေတယ်လို့ ILO ထုတ်ပြန်

17-7-2021-yyl-01.jpg

Doctor holding a Positive Result for COVID-19 with test kit for viral disease COVID-19 2019-nCoV. Lab card kit test for coronavirus SARS-CoV-2 virus. Fast test COVID-19.

တစ်ကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် တိုင်းပြည်အတွင်းဆင်းရဲနွမ်းပါးမှု ပိုမိုဆိုးဝါးစေပြီး ရလဒ်အနေနဲ့လည်း ကလေးအလုပ်သမားအရေအတွက် မြင့်တက်လာနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ဆီက သိရပါတယ်။

“မြန်မာနိုင်ငံမှာ စာရင်းအချက်အလက် အသစ်တွေ ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့်၊ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်နေတဲ့ ကပ်ရောဂါကြောင့် တိုင်းပြည်အတွင်းဆင်းရဲနွမ်းပါးမှုကို ပိုမိုဆိုးဝါးစေပြီး ရလဒ်အနေနဲ့ ကလေးအလုပ်သမားအရေအတွက် မြင့်တက် လာနေတယ်ဆိုတာကို အခိုင်အမာ ညွှန်ပြနေတယ်” လို့ ILO မြန်မာနိုင်ငံရဲ့ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Donglin Li က ပြောပါတယ်။

လက်ရှိကျန်းမာရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေမတိုင်မီ ၂၀၁၆ ခုနှစ်ကပင် မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားအရေအတွက် (၁.၁) သန်းရှိခဲ့တယ်လို့ ခန့်မှန်းရခဲ့ကြပြီး အသက် (၁၇) နှစ် အောက် ကလေး (၁၁) ဦး မှာ (၁) ဦးက ကလေးအလုပ်သမားအဖြစ်ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“တိုင်းပြည်ရဲ့လက်ရှိ နိုင်ငံရေးအခြေအနေက ထိခိုက် လွယ်တဲ့ ကလေးတွေကို အန္တရာယ်ထဲကို ကျရောက်စေပြီး ကလေးတွေကို ကာကွယ်ရန် လိုအပ်တဲ့ အရေးယူမှုတွေမရှိဘူးဆို နောင်လာမယ့်မျိုးဆက်တွေအပေါ် ဆင့်ကဲသက်ရောက် ရိုက်ခတ်မှာကို စိုးရိမ်မိတယ်” လို့ ILO မြန်မာနိုင်ငံရဲ့ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Donglin Li က ပြောပါတယ်။

မြန်မာနိုင်ငံက ကလေးအလုပ်သမား ထက်ဝန်ခန့်က ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး (သို့မဟုတ်) စာရိတ္တ ထိခိုက်စေတဲ့ ဘေးအန္တရာယ်ရှိတဲ့ အလုပ်တွေမှာ လုပ်ကိုင်နေကြရတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရဲ့ လုပ်ငန်းခွင် ဝင်ရောက်နိုင်တဲ့ အနိမ့်ဆုံး အသက်အရွယ် သတ်မှတ်ချက်ဖြစ်တဲ့ ပြဋ္ဌာန်းချက်အမှတ် (၁၃၈) ကို အတည်ပြုလက်မှတ်ရေးထိုးထားပါတယ်။

ILO ပြဋ္ဌာန်းချက်အမှတ် (၁၃၈) အရ အနိမ့်ဆုံး အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်က (၁၅) နှစ်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မမြင့်မားသေးတဲ့နိုင်ငံတွေအနေနဲ့ အသက် (၁၄) နှစ်ကို ချွင်းချက်အနေနဲ့ သတ်မှတ်ထားပါတယ်။

Photo- Unicef, Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top