အိန္ဒိယဆေးရုံဝန်ထမ်း ၂ ယောက် ကိုဗစ်-၁၉ ရောဂါပိုး ၂ ကြိမ် ကူးစက်ခံရ၊ ဗိုင်းရပ်စ်မျိုးဗီဇချင်း မတူညီကြောင်း တွေ့ရှိ

29-9-2002-yyl-007.jpg

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အိန္ဒိယဆေးရုံဝန်ထမ်း ၂ ယောက်ဟာ လအတော်ကြာမှာ နောက်တစ်ကြိမ် ရောဂါကူးစက်ခံရပြီး ၂ ကြိမ်လုံးမှာ ရောဂါလက္ခဏာမပြခဲ့ဘူးလို့ Nature သတင်းဌာနက ဖော်ပြပါတယ်။ ဆေးရုံဝန်ထမ်းတွေဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတို့ဟာ ကိုဗစ်-၁၉ လူနာဆောင်မှာ တာဝန်ကျသူတွေပါ။ သူတို့ ၂ ယောက်ဟာ ပြီးခဲ့တဲ့မေလတုန်းက ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲဒီနောက် ဆေးစစ်ချက်တွေမှာ Negative ( ရောဂါပိုးမရှိ) အဖြေ ထွက်ခဲ့လို့ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြပေမဲ့ ၃ လခွဲလောက်အကြာမှာ Positive ( ရောဂါပိုး ရှိ)အဖြေ ထွက်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာလည်း သူတို့ ၂ ယောက်လုံး ရောဂါလက္ခဏာ မပြခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ် စစ်ဆေးချက်အရ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်တွေ့ရှိမှုပမာဏက ပြီးခဲ့တဲ့မေလကထက် ပိုများခဲ့တယ်လို့ ဆိုပါတယ်။

နယူးဒေလီမြို့ Institute of Genomics and Integrative Biology ဌာနရဲ့ ပညာရှင် ဗီနော့စကာရီယာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက မျိုးဗီဇစစ်ဆေးရာမှာ ကျန်းမာရေးဝန်ထမ်း ၂ ယောက် ဒုတိယအကြိမ် ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်ဟာ ပထမအကြိမ် ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်နဲ့ မျိုးဗီဇကွဲလွဲနေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအချက်အရ ကျန်းမာရေးဝန်ထမ်း ၂ ယောက်ဟာ ပထမအကြိမ် ရောဂါကူးစက်ခံရချိန်က ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ ဆဲလ်အသေတွေ ထွက်လာလို့ Positive ပြတာမဟုတ်ဘဲ ဗိုင်းရပ်စ် မျိုးဗီဇသစ် ကူးစက်ခံရတယ်ဆိုတာ သက်သေပြနေတယ်လို့ ဖော်ပြထားပါတယ်။ အခုတွေ့ရှိချက်အရ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုး ထပ်မံကူးစက်ခံရတဲ့ဖြစ်ရပ်တွေကို ရှာဖွေဖော်ထုတ်နိုင်မှု နည်းပါးနေသေးတယ်လို့ ယူဆစရာဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။

Ref: Nature ” COVID research updates: Tests reveal silent reinfections in hospital workers”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top