ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ BTS အဖွဲ့ဝင် ၃ ဉီး

27.12.2021yyl1.jpg

ကမ္ဘာကျော်ကေပေါ့ပ်အဆိုအဖွဲ့ BTS အဖွဲ့ဝင် ၃ ဉီးဟာ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ BIGHIT Music Entertainment ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ မကြာသေးခင်ကမှ နိုင်ငံခြားဖျော်ဖြေပွဲကြီးကျင်းပပြီးလို့အမေ​ရိကကနေကိုရီးယားကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ အဖွဲ့ဝင် ၇ ဦးမှာ ၃ ဉီးက ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့အဖွဲ့ဝင်က Suga ပါ။ ဒီဇင်ဘာ ၂၃ ရက်နေ့က အမေရိကကနေပြန်လာပြီး PCR စစ်ဆေးမှုခံယူခဲ့ပါတယ်။ ကိုဗစ်ပိုးတွေ့ရှိတယ်ဆိုတဲ့ ရလဒ်ကတော့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထွက်ရှိခဲ့တာပါ။

တောင်ကိုရီးယားရဲ့စည်းမျဥ်းအရ Suga က ရောဂါစစ်ဆေးမှုခံယူပြီးနောက် Quarantine ခံယူခဲ့ပြီး အခြား BTS အဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုမရှိခဲ့ဘူးလို့ BIGHIT Music ရဲ့ အစောပိုင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။ အဖွဲ့​ခေါင်းဆောင် RM က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အမေရိကကနေပြန်လာခဲ့ပြီး PCR စစ်ဆေးမှုခံယူတော့ ကိုဗစ်ရောဂါပိုးမတွေ့ရှိခဲ့ရပါဘူး။ ဒါပေမဲ့ Quarantine ခံယူတဲ့ ရက်ပြီးခါနီး ဒီဇင်ဘာ ၂၅ရက်နေ့မှာ ရောဂါပိုး ပြန်စစ်ဆေးတော့ ကိုဗစ်ရောဂါတွေ့ရှိခဲ့ရပါတယ်။ RM မှာ ရောဂါလက္ခဏာပြတာမျိုးတွေမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တုပ်ကွေးလို လက္ခဏာရပ်တွေခံစားပြီးနောက် PCR စစ်ဆေးမှုခံယူခဲ့တဲ့ Jin ကလည်း ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရတယ်ဆိုတဲ့အဖြေထွက်ရှိခဲ့ပါတယ်။ ဖျားနာတာအပါအဝင် အပျော့စားရောဂါလက္ခဏာရပ်တွေခံစားခဲ့ရတာဖြစ်တယ်လို့ BIGHIT Music က ပြောကြားထားပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ Jin အမေရိက က ပြန်ရောက်လာပြီးတဲ့နောက်ရော Quarantine ခံယူတဲ့ရက်ပြည့်ခါနီးရော PCR စစ်ဆေးမှု ၂ ကြိမ်ခံယူတုန်းက ​ရောဂါပိုးမတွေ့ရှိခဲ့ရပါဘူး။

Suga က တောင်ကိုရီးယားရဲ့ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း အိမ်မှာကုသမှုခံယူနေပြီး ဘာရောဂါလက္ခဏာမှတော့မပြဘူးလို့ သိရပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ အဖွဲ့ဝင် ၃ ဦးလုံးက ကာကွယ်ဆေးထိုးထားပြီးသားပါ။ လက်ရှိမှာတော့ ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း အိမ်မှာပဲ ကုသမှုခံယူနေပါတယ်။

တောင်ကိုရီးယားက နိုင်ငံတကာခရီးသွားတွေအားလုံးကို ကာကွယ်ဆေးထိုးနှံထားလည်း ၁၀ ရက်ကြာ quarantine နဲ့ quarantine မပြည့်မီ PCR စစ်ဆေးမှု ၂ ကြိမ် မဖြစ်မနေလုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။ အနုပညာရှင်တွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံဘေးကင်းမှုတွေကို ပထမဦးစားပေးသွားမှာဖြစ်ပြီး သူတို့မြန်မြန်သက်သာကောင်းမွန်လာဖို့အတွက် ပံ့ပိုးမှုတွေလုပ်သွားမှာဖြစ်တယ်လို့ BIGHIT Music က ပြောကြားခဲ့ပါတယ်။

BTS အဖွဲ့ဝင်တွေကို Petmission to Dance on Stage LA ဖျော်ဖြေပွဲနဲ့ 2021 Jingle Ball Tour ပွဲတွေပြီးတဲ့နောက် အားလပ်ရက်ရှည်ကြီးပေးထားတယ်လို့ BIGHIT Music အရ သိရပါတယ်။

Ref: CNN “Three BTS members test positive for Covid-19”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top