ကိုဗစ်ကာကွယ်ဆေးကို ဖေဖော်ဝါရီလအတွင်း ရရှိနိုင်အောင် ဦးတည်ဆောင်ရွက်နေတယ်လို့ဆို

11-1-2021-yyl-01.jpg

ရန်ကုန် ဇန်နဝါရီ ၈
အိန္ဒိယနိုင်ငံကနေ ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဖေဖော်ဝါရီလအတွင်း ရောက်ရှိလာအောင် ဦးတည်မျှော်မှန်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောကြားပါတယ်။

အခုကာကွယ်ဆေးဟာ လူတစ်ဦးကို (၂)ကြိမ်ထိုးရမှာဖြစ်တဲ့အတွက် လူဦးရေ ၁၅ သန်းကို ထိုးနှံနိုင်ဖို့ အကြိမ်ရေ သန်း ၃၀ စာ ဝယ်ယူရေးသဘောတူစာချုပ်ကို ဒီဇင်ဘာ ၂၄ ရက်မှာချုပ်ဆိုခဲ့ပြီးတော့ ဇန်နဝါရီ ၅ ရက်မှာ ကုန်အမှာစာပို့လိုက်ပြီလို့ သူက ဆိုပါတယ်။

”ဆေးက COVISHIELD လို့ ခေါ်တယ်။ အောက်စဖို့ဒ်ကထုတ်တဲ့ဆေးကို အိန္ဒိယမှာယူပြီးထုတ်တာ။ ဘာလို့ ဒီဆေးကို သုံးရလဲဆိုရင် ဒီဆေးသိုလှောင်ထိန်းသိမ်းနိုင်မှုအနေအထားက မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အတွက်ဖြစ်တယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေကို သိုလှောင်ထိန်းသိမ်းရာမှာ တချို့ကာကွယ်ဆေးတွေက အနုတ် ၇၀ ဒီဂရီစီနဲ့ သိုလှောင်ထားရတာဖြစ်ပေမယ့် အခုမှာယူထားတဲ့ ကာကွယ်ဆေးကတော့ ၂ ဒီဂရီစီကနေ ၈ ဒီဂရီစီအတွင်းမှာ သိုလှောင်ထိန်းသိမ်းထားနိုင်တယ်လို့ သူက ဆိုပါတယ်။

အခုလိုမှာယူထားတဲ့ လူဦးရေ ၁၅ သန်းစာအတွက် ကာကွယ်ဆေးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြစ်ပြီး နှစ်ကြိမ်ခွဲပေးဖို့ သဘောတူထားတာပါ။ ဒီအတွက် ထက်ဝက်ဖြစ်တဲ့ ဒေါ်လာ ၇၅ သန်းကို ဇန်နဝါရီ ၁၄ ရက် နောက်ဆုံးထားပြီးလွှဲပေးဖို့ လုပ်နေတယ်လို့ ဦးဇော်ဌေးက အသိပေးပါတယ်။

ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ပြီးနောက်ပိုင်း နှစ်ရက်တာအတွင်း မှာ လူပုဂ္ဂိုလ် ၁၁၇ ဦးရဲ့ အလှူငွေ မြန်မာကျပ်ငွေ သန်းပေါင်း ၁၄၀၀ နီးပါးနဲ့ လူပုဂ္ဂိုလ် ၅ ဦးရဲ့ အလှူငွေ အမေရိကန် ဒေါ်လာ ၂ သန်းခွဲကျော်ရရှိထားတယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top