Yangon American International School က အမှတ် (၁၉) အခြေခံပညာမူလတန်းကျောင်း (လှိုင်) ကို ဘေးကင်းလုံခြုံစွာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်

yangon-american-staff.jpg

နိုင်ငံတကာကျောင်းတစ်ခုဖြစ်တဲ့ Yangon American International School က အမှတ် (၁၉) အခြေခံပညာ မူလတန်းကျောင်း (လှိုင်) နှင့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ဂုဏ်ယူစွာဖြင့် စတင်လုပ်ဆောင်ထားခဲ့တယ်လို့သိရပါတယ်။ ဒီပူးပေါင်း ဆောင်ရွက်မှုအောက်မှာ အမှတ် (၁၉) အခြေခံပညာ မူလတန်းကျောင်း (လှိုင်)ရဲ့ ကျောင်းပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာ ကျောင်းသားကျောင်းသူများနဲ့ ဆရာဆရာမများရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်တဲ့ ငွေကြေးဆိုင်ရာအထောက်အပံ့နဲ့ သယ်ယူပို့ဆောင်ရေး အကူအညီတို့ကို Yangon American International School က ပေးအပ်သွားမှာဖြစ်ပြီး အခြားသော ဗဟုသုတ မျှဝေဖလှယ်ခြင်း အစီအစဉ်တွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုကို စတင်ဆောင်ရွက်ဖြစ်ခဲ့တာက COVID-19 ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံစေရေးအတွက် လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေကို အမှတ် (၁၉) အခြေခံပညာ မူလတန်းကျောင်း (လှိုင်) ဆီ ပေးအပ်လှူဒါန်းခဲ့တာကနေ အစပြုခဲ့တာဖြစ်ပါတယ်။ အမှတ် (၁၉) အခြေခံပညာ မူလတန်းကျောင်း (လှိုင်)မှာ ကျင်းပပြုလုပ်ခဲ့တဲ့ COVID-19 ကာကွယ်ရေးဆိုင်ရာပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းများအဖွဲ့အစည်းရဲ့ ဥက္ကဌနဲ့ Yangon American International School ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးနေအုပ်၊ အမှတ် (၁၉) အခြေခံပညာ မူလတန်းကျောင်း (လှိုင်) ရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဆင့်၊ လှိုင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနဲ့အတူ ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါတယ်။

Yangon American International School မှ လှူဒါန်းပေးအပ်ခဲ့တဲ့ ကာကွယ်ရေးပစ္စည်းတွေမှယ ခြေနင်းဘေစင် လေးခု၊ အမှိုက်ပုံးများ၊ စာသင်ခန်းတွေမှာ (၆) ပေခြားထိုင်ရန်အတွက် ပလပ်စတစ်အကာများ၊ ကြမ်းခင်းအမှတ်အသားများ၊ ခပ်ခွာခွာနေရန်အတွက် ဗီနိုင်းဆိုင်းဘုတ်များ၊ လက်ဆေးရည်နှင့် လက်ဆေးရည်ထည့်သုံးသည့် ပုလင်းများ၊ နဖူး အပူချိန်တိုင်းကိရိယာများ၊ Face Shield များ၊ လက်အိတ်များနဲ့ အတန်းပိုင်ဆရာဆရာမ တစ်ဦးစီအတွက် ခါးစည်းရှေ့ဖုံး Apron များ အစရှိတဲ့ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း (PPE) များ ပါဝင်ပါတယ်။

Yangon American International School ကိုတော့ မြန်မာအစိုးရရဲ့ကျန်းမာရေးစစ်ဆေးထောက်ခံချက် ရရှိပြီးရင် သြဂုတ်လ ၁၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပါတယ်။ ဘေးကင်းလုံခြုံစွာ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေး ကျန်းမာရေး၊ လုံခြုံရေး၊ သန့်ရှင်းရေးတို့အတွက် “New Normal” (ပုံမှန်အသစ်) အခြေအနေနှင့် ကိုက်ညီမယ့် ဘက်ပေါင်းစုံကနေ တွေးဆထားတဲ့ အစီအစဉ်တွေကိုလည်း ချမှတ်ထားပါတယ်။ မြန်မာနိုင်ငံအတွင်း ဆရာဆရာမအင်အား ၈၀ ရာခိုင်နှုန်း ရှိနေတဲ့ Yangon American International School ကျောင်းတော်ကြီးကို အခက်အခဲမရှိ ပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top