“ဗိုလ်ကြီး”ရဲ့ပရိသတ်တွေ သိထားသင့်တဲ့ Crash Landing On You ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းနေရာများ

yyl-023-9.jpg

“ဗိုလ်ကြီး” လို့ ပြောလိုက်တာနဲ့ မြန်မာပရိသတ်တွေကတော့ “Crash Landing On You” ဇာတ်လမ်းတွဲထဲက မင်းသားကို ပြေးမြင်မိကြမှာပါ။ “ဗိုလ်ကြီး” ဆိုတဲ့စကားလုံးဟာဆိုရင် မြန်မာပရိသတ်တွေရဲ့ပါးစပ်ဖျားကနေ အမြဲလိုလိုကြားနေရတာပါ။ အဲဒီစကားလုံးကြောင့်ပဲ ဇာတ်လမ်းတွဲရဲ့နာမည်ကို မမှတ်မိလောက်အောင်ကိုဖြစ်နေပါတယ်။ အခုဆိုရင် ဒီဇာတ်လမ်းတွဲက ဇာတ်သိမ်းသွားခဲ့ပြီးဖြစ်တဲ့အတွက် ပရိသတ်တွေ သတိတရဖြစ်လို့နေပါတယ်။ အဲဒီလိုဖြစ်ရလောက်အောင်ကို ကိုရီးယားပရိသတ်တွေအပြင် မြန်မာပရိသတ်တွေကပါ အထူးနှစ်ခြိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်လို့ပါပဲ။

ဇာတ်လမ်းတွဲကလည်း ဇာတ်သိမ်းသွားခဲ့ပြီဆိုတော့ “Crash Landing On You” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းနေရာတွေကို မြန်မာပရိသတ်တွေ သိချင်မိကြဦးမယ်ထင်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်တွေက ရှုခင်းနေရာတွေကို မြင်တွေ့ရမှာပါ။ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲကို မြောက်ကိုရီးယားမှာ တကယ်ရိုက်ကူးခဲ့တာလား။ တကယ်တော့ မြောက်ကိုရီးယားမှာ မရိုက်ကူးခဲ့ပါဘူး။ မြောက်ကိုရီးယားမှာ ရိုက်ကူးဖို့ မဖြစ်နိုင်လို့ပါပဲ။ ကဲ.. တကယ်ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းနေရာတွေကို ကြည့်လိုက်ရအောင်..။

ဆွစ်ဇာလန်

ဒရာမာရဲ့ အလှပဆုံးဇာတ်ဝင်ခန်းတွေထဲက တစ်ခုကို ဆွစ်ဇာလန်နိုင်ငံက Lake Brienz ပေါ်မှာ တည်ရှိတဲ့ Iseltwald ရွာလေးမှာ ရိုက်ကူးခဲ့ပါတယ်။ ဒီနေရာဟာဆိုရင် နိုင်ငံရဲ့အလယ်မှာ တည်ရှိပြီး Lake Brienz က ခရီးသွားဧည့်သည်တွေလာရောက်လည်ပတ်လေ့ရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ တချို့ဇာတ်ဝန်းခန်းတွေကလည်း ခရီးသွားဧည့်သည်တွေ မျက်စိကျတဲ့ Interlaken နဲ့ Jungfrau မြို့တွေမှာ ရိုက်ကူးခဲ့ပါတယ်။ အဲဒီနေရာ(၂) ခုလုံးက Lake Brienz နဲ့ အရမ်းကြီးမဝေးတဲ့နေရာမှာတည်ရှိပါတယ်။ ဘန်းန်မြို့နဲ့ ဇူးရစ်ချ်မြို့တွေမှာလည်း ရိုက်ကူးခဲ့ပါသေးတယ်။

မွန်ဂိုးလီးယား

ဒရာမာရဲ့တစ်စိတ်တစ်ပိုင်းကို မွန်ဂိုးလီးယားနိုင်ငံ၊ ဦလန်ဘာတာမြို့နဲ့ အခြားနေရာတွေမှာလည်း ရိုက်ကူးခဲ့ပါတယ်။ ယွန်းဆယ်ရီကို ရီဂျောင်ဟွတ်က ပြုံယမ်း (မြောက်ကိုရီးယား) ကို သွားဖို့ ရထားစီးတဲ့အခန်းက တကယ်တော့ မွန်ဂိုးလီးယားမှာ ရိုက်ကူးခဲ့တာပါ။ ပြုံယမ်းရထားဘူတာကို သူတို့ရောက်တဲ့အခန်းက ဦလန်ဘာတာရထားဘူတာမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယား

ဇာတ်လမ်းထဲမှာ ယွန်းဆယ်ရီက မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်စပ်မှာ တည်ရှိတဲ့ Korean Demilitarized Zone ကိုရောက်ခဲ့ပါတယ်။ တကယ်တော့ အဲဒီအခန်းကို ဂျယ်ဂျူကျွန်းမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဂျယ်ဂျူကျွန်းကလည်း ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ဆုံးနေရာတွေထဲကတစ်ခုဖြစ်ပါတယ်။ တောင်ကိုရီးယားက Binae ကျွန်းနဲ့ အခြားနေရာတော်တော်များများကလည်း ဇာတ်လမ်းတွဲရဲ့ရိုက်ကွင်းနေရာတွေအဖြစ် ပါဝင်ခဲ့ပါတယ်။

“Crash Landing on You” က အချစ်၊အလွမ်း၊ဟာသ ရသစုံတဲ့ အချစ်ဇာတ်လမ်းတွဲဖြစ်ပြီး မြောက်ကိုရီးယားဗိုလ်ကြီးနဲ့ တောင်ကိုရီးယား ကုမ္ပဏီ သူဌေးမလေးတို့ကြားက ချစ်ခြင်းမေတ္တာကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက ပရိသတ်အားပေးမှုများတဲ့အတွက် tvN ထုတ်လုပ် ရေးရုပ်ရှင်သမိုင်းမှာ ကြည့်ရှုနှုန်းအမြင့်ဆုံးဒရာမာအဖြစ် သမိုင်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်။ ဒရာမာရဲ့နောက်ဆုံးအပိုင်းက (၂၁.၇) ရာခိုင်နှုန်းနဲ့ ကြည့်ရှုနှုန်း များခဲ့ပါတယ်။

Ref: Filming Locations In Switzerland & More Of “Crash Landing On You” That You Need To Know About

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top