ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုလျှော့ချဖို့ ဘတ််စကားခေါင်မိုးမှာ လေသန့်စက်တွေ တပ်ဆင်မယ်

yyl-032-7.jpg

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့အတွက် ဘတ်စ်ကားခေါင်မိုးတွေပေါ်မှာ လေသန့်စက်တပ်ဆင်ဖို့ စီစဉ်နေပါတယ်။ ဘတ်စ်ကားခေါင်မိုးတွေပေါ်မှာ တပ်ဆင်မယ့် လေသန့်စက်ဟာ လေထုထဲက အမှုန်တွေကို စစ်ထုတ်ပေးနိုင်ပြီး လမ်းကြောင်းတစ်လျှောက်မှာ သန့်ရှင်းတဲ့လေ ချန်ရစ်ပေးနိုင်လိမ့်မယ်လို့ ဘန်ကောက်မြို့ အများသုံးပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဒါရိုက်တာ ဆူရာချိုင်းက ပြောပါတယ်။

”လေသန့်စက်က ခရီးစဉ်တစ်ခေါက်ကို လေကုဗမီတာ ၁၀,၀၀၀ ကို စစ်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ သိပ္ပံဆိုင်ရာသုတေသနအရ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နာရီကို ပျမ်းမျှလေ ၀.၅ ကုဗမီတာ ရှုသွင်းရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် (လေသန့်စက်တပ်ထားတဲ့)ဘတ်စ်ကားတစ်စီးက လမ်းပေါ်မှာရှိသူ အယောက် ၂၀,၀၀၀ ကျော်အတွက် သန့်စင်တဲ့လေ ထုတ်လုပ်ပေးနိုင်မှာပါ”လို့ ဆူရာချိုင်းက ပြောခဲ့ပါတယ်။

အဲဒီအစီအစဉ်အတွက် စမ်းသပ်မှု တော်တော်များများလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ဟာ ဘန်ကောက်မြို့မှာ ဖုံးလွှမ်းနေတဲ့ PM2.5 အမှုန်တွေကို ရှင်းလင်းရာမှာ ထိရောက်မှုမရှိသလောက် နည်းပါးလိမ့်မယ်လို့ ချိုလာလောင်ကွန်းတက္ကသိုလ်ရဲ့ ဇီဝဗေဒပညာရှင် ဂျက်ဆာဒါက ပြောပါတယ်။ ”ဒီအစီအစဉ်က GT200 (ဗုံးရှာဖွေရေးကိရိယာအတုရောင်းချမှု)လို လိမ်ညာမှုတစ်ခုပါ။ လေသန့်စက်က သူတို့ပြောသလောက် အလုပ်ဖြစ်မယ်ဆိုရင်တောင် ဘန်ကောက်မြို့ရဲ့ မြူမှုန်တစ်မှုန်စာ နေရာလောက်ကိုပဲ ရှင်းပေးနိုင်မှာပါ”လို့ ဂျက်ဆာဒါက ဆိုပါတယ်။

ဘတ်စ်ကားခေါင်မိုးပေါ်မှာ လေသန့်စက်တပ်ဆင်မယ့် အကြံအစည်ကို ဗြိတိန်နိုင်ငံ၊ ဆောက်သမ်တန်မြို့နဲ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွေမှာ အရင်တုန်းက စမ်းသပ်ခဲ့ဖူးပါတယ်။ နယူးဒေလီမြို့က စမ်းသပ်မှုကတော့ လိုချင်တဲ့ရလဒ်မျိုး မရခဲ့ပါဘူး။ ဆောက်သမ်တန်မြို့က စမ်းသပ်မှုကတော့ PM2.5 ထက်ကြီးတဲ့ PM10 အမှုန်တွေကို ပစ်မှတ်ထားရှင်းလင်းတာပါ။ ဆံခြည်မျှင်အချင်းရဲ့ ၃ ရာခိုင်နှုန်းလောက်ပဲရှိပြီး အချင်း ၂.၅ မီလီမီတာထက် သေးငယ်တဲ့အမှုန်တွေကို PM2.5 လို့ ခေါ်ပါတယ်။ အဲဒီအမှုန်တွေက သွေးကြောထဲအထိ ဝင်ရောက်နိုင်လို့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top