(၄၃)နှစ်သားကို အလဲထိုးခဲ့တဲ့ အသက်(၇၀)အရွယ် လက်ဝှေ့သမား

hotsport01.jpg

ကြိုးဝိုင်းနဲ့ (၃၆)နှစ် ဝေးကွာနေတဲ့ အသက်(၇၀)အရွယ် လက်ဝှေ့သမားဟာ သူ့ထက် (၂၇)နှစ်ငယ်သူကို အလဲထိုးပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကင်တက်ကီ ပြည်နယ်မှာ နေထိုင်တဲ့ အဲဘတ်ဟုချ်ဂျူနီယာဟာ ပြီးခဲ့တဲ့အားလပ်ရက်မှာ အသက်(၄၃)နှစ်အရွယ်ရှိတဲ့ ထရာမာနီတောင်းနဲ့ ထိုးသတ်ခဲ့ပါတယ်။ အသက်(၇၀)အရွယ်ဆိုရင် ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်မှု အားနည်းသွားတတ်ပေမဲ့ အဲဘတ်ဟုချ်ကတော့ နောက်ဆုံးပွဲစဉ် ထိုးသတ်ခဲ့ချိန်ကထက် ခန္ဓာကိုယ်အလေးချိန်(၉)ပေါင်ပဲ ပိုများလာခဲ့ပါတယ်။

သူဟာ (၂)ချီအတွင်း ထရာမာနီတောင်းကို (၂)ကြိမ်တိုင်တိုင် လဲကျသွားအောင် ထိုးသတ်ပြီး ”မအိုသေးကြောင်း”သက်သေပြခဲ့ပါတယ်။ ဒုတိယအကြိမ် လဲကျပြီးချိန်မှာတော့ ကြိုးဝိုင်းဒိုင်က ပွဲကိုရပ်ပြီး အဲဘတ်ဟုချ်ကို အနိုင်ပေးခဲ့ပါတယ်။ မိုဟာမက်အလီနဲ့ ဂျိုးဖရေဇာတို့ရဲ့ ”မနီလာမြို့ရဲ့ ရင်ခုန်စိတ်လှုပ်စရား”လက်ဝှေ့ပွဲ ထိုးသတ်ခဲ့တဲ့ (၁၉၇၅)ခုနှစ်မှာ အဲဘတ်ဟုချ်က ကြိုးဝိုင်း ထဲ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

သူဟာ ၁၉၈၃ ခုနှစ်မှာ စူပါဝယ်တာဝိတ်တန်းပွဲစဉ် ထိုးသတ်ပြီး အနားယူခဲ့သူပါ။ အသက်(၇၀)အရွယ်မှာ ကြိုးဝိုင်းထဲ ပြန်ရောက်လာတဲ့ အဲဘတ်ဟုချ်ဟာ အန်ဒရီဆီဒန်(အသက် ၆၀၊ ၃၃၇ ရက်အရွယ်မှာ ကြိုးဝိုင်းထဲ ပြန်ဝင်လာခဲ့သူ)ရဲ့စံချိန်ကို ကျော်ဖြတ်ပြီး အသက်အကြီးဆုံး လက်ဝှေ့သမားအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top