ခရီးသွားခြင်းနှင့် ခေါင်းမူးဝေခြင်း

www.usnews.com_.jpg

အချို့သူတွေဟာ Vertigo တစ်နည်းအားဖြင့် ကားမူးခြင်း လို့ခေါ်တဲ့မူးဝေခြင်းဝေဒနာကြောင့် ခရီးသွားဖို့အတွက် တွန့်ဆုတ်နေတတ်ကြပါတယ်။ မူးဝေခြင်းဟာ ခရီးထွက်ခြင်းရဲ့ အရသာကို အပြည့်အဝခံစားရခြင်းရဲ့ အတားအဆီးတစ်ခုလိုဖြစ်နေတာပါ။ ဒါကြောင့် အခုဆောင်းပါးမှာ မူးဝေခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ အချက်အလက်အပြည့်အစုံအပြင် သာယာဖြောင့်ဖြူးတဲ့ခရီးလမ်းကိုသွားနိုင်ဖို့ ဘယ်လိုကြိုတင်ပြင်ဆင်သင့်ကြောင်းတွေကိုပါ ဖော်ပြပေးထားပါတယ်။

Vertigo (မူးဝေခြင်း) ဆိုတာဘာလဲ

Vertigo ဆိုတဲ့အသုံးအနှုန်းဟာ လက်တင်ဘာသာစကားကနေဆင်းသက်လာပြီး ‘to turn’ (လည်ခြင်း) လို့အဓိပ္ပာယ်ရပါတယ်။ မူးဝေခြင်းကိုခံစားရပြီဆိုရင် လူတွေဟာ သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေတယ်လို့ပြောတတ်ကြပါတယ်။ ဒီဝေဒနာဟာ နားအတွင်းပိုင်းပြဿနာကြောင့် ဖြစ်ရတာပါ။

မူးဝေခြင်း (Vertigo) အမျိုးအစားများ

၁။ Diziness – ဒီအမျိုးအစားဟာ တုန်ရီခြင်း၊ နောက်ကျိကျိဖြစ်ခြင်း၊ ဟန်ချက်မညီခြင်းတို့ကိုခံစားရတတ်ပါတယ်။ ချာချာလည်နေတာကိုတော့ လုံးဝမခံစားရပါ။

၂။ Beign Paroxysmal Positional Vertigo (BPPV) – ဒီအမျိုးအစားမှာ ခံစားရတဲ့သူကိုယ်တိုင် ချာချာလည်ခြင်း (သို့) ဦးခေါင်းအတွင်းပိုင်းချာချာလည်နေခြင်းကိုခံစားရပါတယ်။

၃။ Meniere’s disease – ဒီအမျိုးအစားကတော့ နားအတွင်းပိုင်းဝေဒနာဖြစ်ပြီး ခံစားရတဲ့သူအနေနဲ့ ချာချာလည်နေအောင်မူးတာကို ခံစားရပါတယ်။

မူးဝေခြင်း (Vertigo) မဖြစ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ

ခရီးစဉ်ကိုပြင်ဆင်နေသောအချိန်

ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ခရီးမထွက်ခင်ကတည်းက မိမိခရီးစဉ်ကို လုံခြုံစိတ်ချစွာဖြတ်သန်းနိုင်ဖို့အတွက် ဆရာဝန်ကသာလျှင် တိကျမှန်ကန်ပြီး လိုအပ်တဲ့အကြံဉာဏ်ကုသမှုကို ပေးနိုင်မှာဖြစ်ပါတယ်။

အဖော်တစ်ယောက်နဲ့အတူသွားပါ။ မူးဝေခြင်းကြောင့် အရေးပေါ်အခြေအနေဖြစ်ခဲ့မယ်ဆိုရင် ဘေးမှာအဖော်တစ်ယောက်ရှိနေခြင်းက အကောင်းဆုံးပါ။

သွားမည့်နေရာမှာ လိုအပ်တဲ့ထောက်ပံ့မှုပစ္စည်းတွေ ရှိ၊ မရှိ စစ်ဆေးပါ။ ဖြစ်နိုင်ရင် သွားမယ့်နေရာမှာ ကျန်းမာရေးဆေးပေးခန်း (သို့) ဆေးရုံ၊ ဆေးခန်း (သို့) ဆေးဆိုင် အစရှိတဲ့ ကျန်းမာရေးအထောက်အပံ့ပေးနိုင်တဲ့နေရာတစ်ခုခု ရှိ၊ မရှိ စစ်ဆေးပါ။ ဒီလိုမှသာ အရေးပေါ်ကိစ္စတစ်စုံတစ်ရာဖြစ်လာခဲ့ရင် ဘယ်လိုနေရာတွေကိုသွားရမယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

ဟန်ချက်မညီတဲ့လှုပ်ရှားမှုတွေကို ရှောင်ရှားပါ။ သွားလိုတဲ့ခရီးကိုရောက်သွားတဲ့အခါမှာ မူးဝေစေတတ်တဲ့ (သို့) ဟန်ချက်မညီဖြစ်စေနိုင်တဲ့ အရာဝတ္တု၊ ပစ္စည်းတွေကို သတိထားပါ။ အခန်းထဲမှာ အတားအဆီးမရှိဘဲနေနိုင်ရင်တော့ အကောင်းဆုံးပါ။ (လိုအပ်ရင် အခန်းထဲမှာရှိနေတဲ့ မူးဝေစေနိုင်တဲ့ပစ္စည်းတွေကိုဖယ်ပေးဖို့ (သို့) နေရာရွှေ့ပေးဖို့တောင်းဆိုပါ) ဒါ့အပြင် ဓာတ်လှေကားစီးခြင်းကလည်း သင့်ကိုမူးဝေစေနိုင်တဲ့အတွက် သတိထားရပါမယ်။

ခရီးသွားရန် အထုပ်အပိုးပြင်ဆင်ချိန်

 

လိုအပ်တဲ့ဆေးဝါးတွေကို ယူသွားပါ။ ခရီးသွားနေစဉ် အကြောင်းအရင်းမရှိဘဲ ဆရာဝန်နဲ့တွေ့ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ခရီးသွားနေစဉ် လိုအပ်တဲ့ဆေးဝါးတွေကို အမြဲ မမေ့မလျော့ယူသွားပါ။ ဆရာဝန်ရဲ့ ဆေးစာမှတ်တမ်းကို ယူသွားပါ။ ရောဂါအခြေအနေကိုဖော်ပြရာမှာ ဆရာဝန်ရဲ့ ဆေးစာမှတ်တမ်းကို သက်ဆိုင်ရာတာဝန်ရှိသူနဲ့ ဝန်ထမ်းတွေကိုပြသနိုင်တာက အကောင်းဆုံးပါ။

နေကာမျက်မှန်တပ်ပါ။ အတားအဆီးတစ်ခုခုနဲ့ ကြုံလာရင် နေကာမျက်မှန်တပ်ခြင်းက မူးဝေခြင်းနဲ့ မသက်မသာဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဖိနပ်ရွေးချယ်ခြင်းနဲ့လမ်းလျှောက်ရန်လိုအပ်သောအသုံးအဆောင်များ

ခရီးသွားနေစဉ် ဒေါက်မြင့်ဖိနပ်စီးမယ့်အစား အားကစားဖိနပ်စီးတာက ပိုပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါ့အပြင် လမ်းအကြာကြီးလျှောက်ရမယ် (သို့) ကြာရှည်မတ်တပ်ရပ်ရမယ်ဆိုရင် လမ်းလျှောက်တုတ်ကိုအသုံးပြုခြင်းက အထောက်အကူဖြစ်စေပါတယ်။

ခရီးသွားအာမခံစာရွက်စာတမ်းများ

နဂိုကတည်းက ခရီးသွားစဉ် Vertigo ခံစားဖူးသူများအတွက် အာမခံစာရွက်စာတမ်းတွေကို ကိုယ်နဲ့မကွာယူသွားဖို့ကလည်း အရေးကြီးပါတယ်။

ခရီးသွားနေစဉ်

Vertigo ဖြစ်စေမယ့်လှုပ်ရှားသွားလာမှုများ ဥပမာ – ရေငုပ်ခြင်း (သို့) တောင်တက်ခြင်းတွေကိုရှောင်ကြဉ်ပါ။ ကား၊ ရထားမူးတာအတွက်ဆိုရင် ကား၊ ရထားက ဂိတ် (သို့) ဘူတာရုံမှာခဏရပ်နေချိန် ရထားပေါ်ကခဏဆင်းပြီး မြေကြီးပေါ်မှာရပ်နိုင်အောင်ကြိုးစားပါ။ ရေလမ်းခရီးသွားတုန်းမူးဝေရင် မိုးကုပ်စက်ဝိုင်းကိုစူးစိုက်ကြည့်နေခြင်းက သက်သာသွားစေနိုင်ပါတယ်။ အစားအသောက်တွေကို ပြည့်အင့်နေအောင်စားသောက်ခြင်းရှောင်ပါ။ မိမိကိုယ်ကိုယ် ရေဓာတ်ပြည့်ဝအောင်နေပြီး ခရင်မ်ပါတဲ့အစားအသောက်တွေနဲ့ ချောကလက်ဖျော်ရည် (အပူ၊ အအေး) ကို ရှောင်ပါ။

Ref: Hello ဆရာဝန်
ရေးသားသူ – Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top