အိမ်ပေါ်ကနေ ဆင်းပေးရမယ့် အငြိမ်းစားအမျိုးသမီးကြီးကို ပတ်ဝန်းကျင်က ငွေစုပြီး အိမ်ဝယ်ပေး

16-6-2022-yyl02.jpg

အိမ်ပိုင်ရှင်က အိမ်ရောင်းမှာဖြစ်လို့ အိမ်ပေါ်ကနေ ဆင်းပေးရတော့မယ့် အငြိမ်းစား အမျိုးသမီးကြီးကို ပတ်ဝန်းကျင်ကလူတွေပေါင်းပြီး အိမ်ဝယ်ပေးခဲ့ကြပါတယ်။ အသက် ၇၀ အရွယ်ရှိတဲ့ လင်ဒါတေလာဟာ လွန်ခဲ့တဲ့ ၁၉ နှစ်တုန်းက အိမ်ရာမဲ့တွေနဲ့ ချို့တဲ့နွမ်းပါးသူတွေကို လုပ်အားပေးအဖြစ် ကူညီဖို့အတွက် မင်နီယာပိုလစ်မြို့ကို ရောက်ရှိလာခဲ့ပြီး အိမ်ငယ်လေးတစ်လုံးကို ငှားရမ်းနေထိုင်ခဲ့ပါတယ်။ စိတ်ကောင်းနှလုံးကောင်းရှိပြီး သစ်ပင်စိုက်ရတာကို အင်မတန်ဝါသနာထုံတဲ့ လင်ဒါတေလာကို ပတ်ဝန်းကျင်က ချစ်ခင်ကြပါတယ်။

ဒါပေမဲ့ အိမ်ရှင်ဖြစ်သူက အိမ်ရောင်းဖို့ ဆုံးဖြတ်လိုက်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အိမ်ကနေ ဖယ်ပေးဖို့ လာပြောခဲ့ပါတယ်။ လင်ဒါတေလာက အိမ်နီးနားချင်းတစ်ယောက်ကို အိမ်ဖယ်ပေးရတော့မယ့်အကြောင်း ပြောပြခဲ့ပြီး ဒီသတင်းက အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာ နှစ် ၄၀ အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်နေပြီး အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်နေသလို ဓာတ်ငွေ့တစ်ဂါလံ ၅ ဒေါ်လာကျော် ဖြစ်နေချိန်မှာ လင်ဒါတေလာရဲ့ အခက်အခဲကို တစ်ယောက်တည်း ဖြေရှင်းပေးနိုင်မယ့်သူမျိုး မရှိခဲ့ပါဘူး။

ဒါပေမဲ့ သူ့ကို ချစ်ခင်ကြသူတွေက လင်ဒါတေလာ အိမ်မပြောင်းရစေဖို့ အိမ်ပိုင်ရှင်နဲ့ သွားရောက်ဆွေးနွေးခဲ့ကြပါတယ်။ လင်ဒါတေလာကို ဇွန်လကုန်အထိ နေခွင့်ပေးမယ်ဆိုရင် အိမ်ဖိုးငွေကို သူတို့ချေပေးမယ်လို့ သဘောတူခဲ့တာပါ။ သူတို့က ပန်းချီပြပွဲလုပ်တာ၊ ပေါင်မုန့်ဖုတ်ရောင်းတာ၊ တစ်ဦးချင်းစီ အလှူငွေ ထည့်ဝင်ကြတာ အစရှိတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ အိမ်ဖိုးငွေအတွက် ရန်ပုံငွေ ရှာဖွေခဲ့ရာမှာ သတ်မှတ်ရက်မတိုင်မီ တစ်လတင်းတင်း လိုချိန်မှာပဲ အိမ်ဝယ်ဖို့ငွေ ပြည့်သွားခဲ့တာပါ။

” မနေ့က အိမ်ရန်ပုံငွေပွဲကို ကျွန်မသွားပြီး အဆုံးသတ်လိုက်ပါပြီ။ ကျွန်မ အရမ်းအရမ်းဝမ်းမြောက်ပီတိဖြစ်မိပါတယ်။ ကျွန်မ ပေးခဲ့သမျှ အရာအားလုံး ကျွန်ဆီ ပြန်ရောက်လာခဲ့တာပါ။ ရှေ့ဆက်ပြီးလည်း ဆက်ပေးသွားပါမယ်။ ဒီပတ်ဝန်းကျင်ကိုလည်း ကျွန်မ ချစ်ပါတယ်” လို့ လင်ဒါတေလာက ပြောပါတယ်။

Ref: Woman About to be Evicted Was Saved By Neighbors Who Bought the Home For Her

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top