“ကောင်းကင်ဘုံမှာပြန်တွေ့ကြရအောင်အမေ” လို့ပြောပြီး အသက်ပါသွားခဲ့တဲ့ (၄) နှစ်သားလေး

kid1.jpg

နိုလမ် (Nolan) လို့ခေါ်တဲ့ကင်ဆာရောဂါသည်ကောင်လေးဟာ တစ်ချိန်မှာ သူ့အဖေဂျွန်နသန် (Jonathan) လိုပဲ မီးသတ်သမားဖြစ်ရမယ်လို့ စိတ်ကူးယဉ်နေခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲသူဟာ ရဲသားကြီးတစ်ယောက်ဖြစ်ဖို့ကိုလည်း အိမ်မက်ထားတဲ့ကလေးလေးပဲ ဖြစ်ပါတယ်။

Facebook page ထောင်ထားတဲ့ နိုလမ်လေးကျန်းမာရေးပြန်ကောင်းလာဖို့အတွက်ကိုတော့ သူ့မိသားစုနဲ့ သူငယ်ချင်းတွေအပြင် သူစိမ်းတွေကပါ ဆုတောင်းပေးနေခဲ့ကြပါတယ်။

သေဆုံးမယ့်နေ့မှာ နိုလမ်လေးကရောဂါဝေဒနာကို ပြင်းထန်စွာခံစားနေရပေမဲ့လို့ နာကျင်တဲ့အရိပ်အယောင်ကို သူ့ရဲ့အမေရှေ့မှာ နည်းနည်းလေးတောင်မပြသွားခဲ့ပါဘူး။ သားအတွက်ဝမ်းနည်းလွန်းနေတဲ့ အမေဖြစ်သူကလည်း (၄)စ်အရွယ်သူ့သားလေးမသေဆုံးခင်မှာ စကားတွေအများကြီးအားယူပြောခဲ့ပါသေးတယ်။ ငယ်ရွယ်ပေမဲ့ရင့်ကျက်လွန်းလှတဲ့ နိုလမ်လေးရဲ့အမူအကျင့်လေးတွေကတော့ အတုယူစရာကောင်းလှပါတယ်။

“ဆေးပိုက်တွေ နေရာအနှံထိုးသွင်းထားရလို့ နာလားဆိုပြီး ကျွန်မမေးတော့ သူကနာတာပေါ့အမေရယ်ဆိုပြီး ပြုံးပြုံးလေးပဲဖြေသွားခဲ့ပါတယ်။ ဒါကြောင့်ကျွန်မက အရမ်းကြီးအားတင်းထားစရာမလိုဘူးနော်သားလို့ပြောတော့ အမေ့အတွက်ကျွန်တော်ရှိနေဦးမှာပါလို့ ပြန်ဖြေပြန်ပါတယ်။ ဒါနဲ့ပဲကျွန်မလည်း သူ့ကိုမေးခွန်းထုတ်လိုက်ပါတော့တယ်။ နာကျင်ပေမဲ့လို့ပေါ့။

နိုလမ်၊ သား … အမေ့အလုပ်ကဘာလဲလို့မေးတော့ သူက သားကိုကယ်တင်ဖို့လေလို့ အေးအေးဆေးဆေးပဲပြန်ပြောပါတယ်။ ဒီမှာတော့ သားကိုအမေ မကယ်တင်နိုင်တော့ဘူးရယ်။ ကောင်းကင်ဘုံရောက်မှပဲ အမေကယ်တင်နိုင်တော့မယ်နော်လို့ဆိုပြီး ကျွန်မသားလေးတင်းခံနာကျင်မနေရအောင် ကျွန်မပဲအနာကျင်ခံ ပြောလိုက်ပါတယ်။ သူကအရမ်းလိမ္မာတဲ့ကလေးပါ။ အဲဒီလိုကျွန်မပြောတော့ သူကအမေမလာခင်ထိ ကျွန်တော်ကောင်းက်ဘုံမှာ ကစားနေပါ့မယ်။ အမေလာမယ်ဆိုတာတော့ သေချာတယ်မို့လား။ ကျေးဇူးတင်ပါတယ်အမေ။ ကျွန်တော်စောင့်နေပါ့မယ်” လို့ပြောပြီး အသက်ထွက်သွားခဲ့တယ်လို့ နိုလမ်အမေက သူ့သားလေးမသေဆုံးခင် အပြန်အလှန်ပြောဖြစ်ခဲ့ကြတဲ့စကားတွေကို ခုလိုပဲပြန်ဝေမျှထားခဲ့ပါတယ်။

နိလမ်အမေက နိုလမ်ရဲ့ပုံလေးတွေကို ဖေ့ဘွတ်မှာပြန်ဝေမျှပေးတဲ့အခါမှာလည်း နိုလမ်ရှိတုန်းကပုံနဲ့ နိုလမ်မရှိတော့တဲ့ပုံဆိုပြီး ယှဉ်ပြထားပါတယ်။ ပုံထဲမှာပါရှိတဲ့ ရေချိုးခန်းရှေ့ကကြမ်းပြင်ထောင့်လေးကတော့ နိုလမ်လှဲလျောင်းနေကျနေရာလေးပဲ ဖြစ်ပါတယ်။ သူအရမ်းကြိုက်လို့ထင်ပါရဲ့။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ကျွန်တော်တို့အားလုံးတစ်နေ့ဒီလမ်းကို သွားကြရမှာပါ။ ဘာတွေမှအဆင့်သင့်မဖြစ်သေးဘဲ လောဘ၊ ဒေါသ၊ မာန်မာန၊အတ္တတွေကိုယ်စီနဲ့ လျှောက်လှမ်းနေကြရင်းမှ မထင်မှတ်ထားတဲ့အချိန်မျိုးမှာ ဒီလမ်းရဲ့အဆုံးတစ်နေရာကိုရောက်သွားခဲ့ရင်ဖြင့် နိုလမ်လေးလိုမျိုး ကိုယ့်အပေါ်ကောင်းခဲ့ဖူးတဲ့သူ၊ ကိုယ့်အပေါ်ကျေးဇူးရှိခဲ့ဖူးသူကို ဖြူဖြူစင်စင်နှုတ်ဆက်နိုင်ပါ့မလား။ အပြစ်ကင်းကင်းနဲ့ ခွဲခွာနိုင်ပါ့မလားလို့တွေးမိပါသေးတယ်။

Ref : tobln.com “Four-Year-Old Tells Mom He Will Wait For Her In Heaven And Then Passes Away”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top