အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ တန်ဖိုးရှိနေတဲ့ ဩစတြေလျ Great Barrier သန္တာကျောက်တန်းကြီး

GBRMPA-size-infographic.jpg

ဩစတြေးလျနိုင်ငံအရှေ့မြောက်ပိုင်း ကွင်းစ်လန်းပြည်နယ်ကမ်းလွန်ပြင်မှာ တည်ရှိတဲ့ Great Barrier သန္တာကျောက်တန်းကြီးရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ (ဩစတြေးလျဒေါ်လာ ၅၆ ဘီလီယံ) အထိရှိတယ်လို့ သတင်းစာ တစ်စောင်က ဖော်ပြခဲ့ပြီး ဩစတြေးလျနိုင်ငံ စီးပွားရေးလုပ်ငန်းအတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတန်ဖိုးသတ်မှတ်ချက်ကို Deloitte စီးပွားရေးအကဲဖြတ်အဖွဲ့မှ ကောက်ချက်ချခဲ့တာဖြစ်ပြီး ဩစတျေးလျနိုင်ငံ စီးပွားရေးက ဒီကျောက်တန်းကြီးကို မှီခိုထားတဲ့အပြင် အလုပ်ပေါင်း ၆၄၀၀၀ အထိလည်း ထောက်ပံ့ပေးထားတယ်လို့ဆိုပါတယ်။ ဒါကြောင့် သန္တာကျောက်တန်းက ရေညှိများ ကွာကျခြင်းကြောင့် ထိခိုက်ပျက်ဆီးနေတဲ့ Great Barrier သန္တာကျောက်တန်းကြီးကို ပိုမိုကာကွယ်ရန် လုပ်ဆောင်သင့်ကြောင်း စစ်တမ်းအဖွဲ့က ဆိုပါတယ်။

Great Barrier သန္တာကျောက်တန်းကြီးဟာ ဩစတြေးလျခရီးသွားလုပ်ငန်းအတွက် ဩစတြေးလျဒေါ်လာ ၂၉ ဘီလီယံတန်ကြေးရှိပြီး အပန်းဖြေဝန်ဆောင်မှုလုပ်ငန်းများဖြင့် အသက်မွေးကြတဲ့ သူများအတွက် ဩစတြေးလျဒေါ်လာ ၃.၂ ဘီလီယံဝင်ငွေရှိနေပါတယ်။ ဒါ့အပြင်Great Barrier သန္တာကျောက်တန်းကြီးရဲ့ တံဆိပ်တန်ဖိုးဟာ ၂၃.၈ ဘီလီယံရှိနေတယ် လိုဆိုထားပါတယ်။ ဒီအချက်အလက်များကိုစီးပွားရေးနဲ့ သိပ္ပံရေးဆိုင်ရာ အချက်အလက်များမှ ၆ လကြာ လေ့လာသုံးသပ်ခဲ့တာဖြစ်ပြီး ဒီတန်ဖိုးဟာ ဆစ်ဒနီပြဇာတ်ရုံ (Sydney Opera House) ထက် ၁၂ ဆခန့် မြင့်မားနေတယ်လို့ သိရပါတယ်။

Great Barrier သန္တာကျောက်တန်းကြီးဟာ အာကာသထဲမှကြည့်ရင်တောင် မြင်ရတဲ့ ကမ္ဘာအကြီးဆုံးသက်ရှိ အဆောက်အဦးဖြစ်ပြီး ၂၃၀၀ ကီလိုမီတာရှည်လျားကာ သန္တာကျောက်တန်း ထောင်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် အရောင်အသွေးစုံလင်သော ငါးအမျိုးအစားများ၊ လိပ်များ၊ လင်းပိုင်များနဲ့ ငါးမန်းများစွာတို့ နေထိုင်ကျက်စားရာ နေရာတစ်ခုဖြစ်တဲ့အတွက် ဇီဝမျိုးကွဲစုံလင်စွာ တွေ့ရှိနိုင်တဲ့ တန်ဖိုးမဖြတ်နိုင်သော နေရာဖြစ်ပြီး နိုင်ငံတကာအထိပါ ကျော်ကြားတဲ့ သန္တာကျောက်တန်းတစ်ခု ဖြစ်ပါတယ်။

Ref : BBC News : Great Barrier Reef worth A$56bn, report finds

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top