အဘူဒါဘီမြို့မှာရှိတဲ့ ယက်စ်ကျွန်းမှာ UFC ပွဲတွေ ကျင်းပသွားမယ်လို့ ဒါနာဝှိုက် အတည်ပြု

10-6-2020-yyl-026.jpg

Fight Island စီမံကိန်းအတွက် အဘူဒါဘီမြို့မှာရှိတဲ့ ယက်စ်ကျွန်းကို ရွေးချယ်ထားပြီး လာမယ့်ဇူလိုင်လမှာ ပြိုင်ပွဲတွေ စတင်ကျင်းပသွားမယ်လို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က အတည်ပြုခဲ့ပါတယ်။ အခုတစ်ပတ် အစောပိုင်းက အွန်လိုင်းပေါ်မှာ Fight Island စီမံကိန်းရဲ့ တည်နေရာ ပေါက်ကြားခဲ့ပြီးနောက် ဒါနာဝှိုက်က အချက်အလက်အားလုံးကို အင်တာဗျူးအစီအစဉ်မှာ ထုတ်ပြောခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးကန့်သတ်ရေး စည်းမျဉ်းတွေကို ရှောင်ရှားပြီး ပြိုင်ပွဲတွေ ဆက်လုပ်ချင်နေတဲ့ ဒါနာဝှိုက်က ဝေးလံခေါင်သီတဲ့ နေရာမှာ ပြိုင်ပွဲကျင်းပဖို့ စီစဉ်ခဲ့တာပါ။ လာမယ့်လအတွင်း Fight Island စီမံကိန်းအတွက် ပြိုင်ပွဲ ၄ ခု ကျင်းပသွားဖို့ စီစဉ်ထားပြီး UFC 251 ပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှာ စတင်ကျင်းပမှာပါ။ အဲဒီနောက် ဇူလိုင်လကုန်အထိ အားလပ်ရက်တိုင်းမှာ နောက်ထပ်ပြိုင်ပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် ယူအေအီးနိုင်ငံမြို့တော် အဘူဒါဘီမြို့က ယက်စ်ကျွန်းရဲ့ စတုရန်းမိုင် ၁၀ မိုင်အတွင်း ဘေးကင်းလုံခြုံရေးဇုန် ဖန်တီးထားတယ်လို့ ဒါနာဝှိုက်က အတည်ပြုပါတယ်။ ” အဲဒီနေရာမှာ ကျွန်တော်တို့ နေမယ်။ အားကစားရုံ၊ ဟိုတယ်နဲ့ ဖိုက်တာတွေ လေ့ကျင့်ဖို့ လေ့ကျင့်ရေးရုံတွေ ရှိမယ်။ အဲဒါဆိုရင် COVID-19 ကို ကာကွယ်ထားနိုင်မယ်။ ကမ်းခြေမှာတော့ သံဇကာဝိုင်းရှိမယ်”လို့ ဒါနာဝှိုက်က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top