အသက် ၂၂ နှစ်အရွယ် လူငယ်လေယာဉ်မှူး ဇိုးဟာ သူ့ဖခင်လေယာဉ်မှူးနဲ့အတူ တွဲဖက်လေယာဉ်မှူးအဖြစ် ပထမဆုံးအကြိမ်မောင်းနှင်ဖြစ်ခဲ့သလို သူတို့မောင်းနှင်ပျံသန်းတဲ့လေယာဉ်ပေါ်မှာပဲ သူ့မိခင်ဖြစ်သူကလည်း လေယာဉ်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဇိုးက အမ်စတာဒမ်မြို့ကနေ စတင်ပျံသန်းထွက်ခွာတဲ့ ဒတ်ချ်လေကြောင်းလိုင်း KLMရဲ့စီးပွားဖြစ်လေယာဉ်တစ်စင်းပေါ်မှာ ဖခင်ဖြစ်သူ (လေယာဉ်မှူးကြီး) နှင့်အတူ မောင်းနှင်ပျံသန်းခဲ့တာပါ။ ဒီလိုထူးခြားတဲ့ မိသားစုလိုက်တာဝန်ထမ်းဆောင်မှုက မမျှော်လင့်ဘဲဖြစ်ပေါ်လာခဲ့တာပါ။ သူတို့မိသားစု ၃ ဦးလုံးက အလုပ်အချိန်ဇယားတွေအရ တူညီတဲ့လေယာဉ်ခရီးစဉ်တစ်ခုတည်းမှာ ပါဝင်ရမယ်ဆိုတာကို အစပိုင်းမှာ လုံးဝမသိရှိခဲ့ကြပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လက ဇိုးဟာ လေယာဉ်မှူးခန်းအတွင်း ဖခင်ဖြစ်သူရဲ့ဘေးမှာ ထိုင်နေခဲ့ပြီး မိခင်ဖြစ်သူကတော့ မီတာအနည်းငယ်အကွာမှာ ခရီးသည်တွေကို စောင့်ရှောက်ဝန်ဆောင်မှုပေးနေခဲ့ပါတယ်။ မိဘနှစ်ပါးလုံးနဲ့အတူ လေယာဉ်ပျံသန်းရတဲ့အတွေ့အကြုံကို မျှဝေခံစားခွင့်ရရှိတဲ့အတွက် အလွန်ကောင်းမွန်တဲ့ခံစားချက်ကို ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
သူ့ရဲ့ဖခင် မိုက်ကယ်က ၁၉၉၂ ခုနှစ်မှာ လေ့ကျင့်သင်ကြားမှု ပြီးဆုံးခဲ့ပြီးနောက် လေယာဉ်မှူးအဖြစ် နှစ်ပေါင်း ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဇိုးက ဖခင်ဖြစ်သူ လေယာဉ်မှူးဝတ်စုံဝတ်ဆင်ပြီးကမ္ဘာအနှံ့ ဝေးလံတဲ့နေရာတွေဆီ ပျံသန်းသွားလာနေတာကို ငယ်စဉ်ကတည်းက ကြည့်ရှုရင်း ကြီးပြင်းလာခဲ့ရတာပါ။ အဲ့ဒီအရာကပဲ သူ့ကို လေကြောင်းပျံသန်းရေးလုပ်ငန်းအပေါ် စိတ်အားထက်သန်မှုဖြစ်ပေါ်စေခဲ့တာပါ။

ငယ်စဉ်ကတည်းက ဖခင်အလုပ်အပေါ်စိတ်အားထက်သန်ခဲ့တဲ့သူက ကျောင်းမှာ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ ထူးချွန်ခဲ့ပြီးနောက် ဖခင်ရဲ့လမ်းစဉ်အတိုင်း လိုက်လျှောက်ကာ လေယာဉ်မှူးတစ်ဦးဖြစ်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ KLM လေကြောင်းသင်တန်းကျောင်း (KLM Flight Academy) မှာ ဝင်ခွင့်ရရှိခဲ့ပြီး တက်ရောက်သင်ကြားခဲ့ပါတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ သူက သင်တန်းပြီးဆုံးခဲ့ပြီး ဖခင်နဲ့အတူ ၅ ကြိမ်၊ မိခင်နဲ့အတူ ၁ ကြိမ် ပျံသန်းခွင့်ရခဲ့ပါတယ်။
Ref: Daughter Gets to Join Dad as Co-Pilot, With Mom Serving on Flight’s Cabin Crew: A Surprise Full Circle Moment
WL (ရိုးရာလေး)

