လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀၀ က ကမ္ဘာ့အစောဆုံးလို့ သတ်မှတ်နိုင်မယ့် သွားဘက်ဆိုင်ရာ ခွဲစိတ်ကုသမှု တွေ့ရှိ

image-6.png

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ကမ္ဘာ့အစောဆုံးလို့ သတ်မှတ်နိုင်မယ့် သွားဘက်ဆိုင်ရာ ခွဲစိတ်ကုသမှုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါဟာ သွားပိုးစားတာကို ကုသဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀,၀၀၀ က နေအန်ဒါသာလ် (Neanderthal) လူသားတစ်ယောက်ရဲ့ အံသွားကို ကျောက်လက်နက်နဲ့ အပေါက်ဖောက်ပြီး ကုသခဲ့တာ ဖြစ်ပါတယ်။

ဆိုက်ဘေးရီးယားက ချာဂါစကာယာ (Chagyrskaya) ဂူထဲကနေ တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း ၆၀,၀၀၀ သက်တမ်းရှိ အောက်အံသွားတစ်ချောင်းကို ပညာရှင်တွေ စစ်ဆေးကြည့်တဲ့အခါ သွားပိုးစားတာကို ရည်ရွယ်ချက်ရှိရှိ ကုသထားတဲ့ အပေါက်ရာတွေနဲ့ ပွတ်တိုက်ထားတဲ့ ပုံစံတွေကို တွေ့ရှိခဲ့ရပါတယ်။

သွားကို အပေါက်ဖောက်ဖို့အတွက် ချွန်ထက်ပြီး လည်ပတ်နိုင်တဲ့ (ဂျက်စပါးကျောက် အမျိုးအစား ဖြစ်နိုင်ခြေရှိတဲ့) ကျောက်ချွန်တစ်ခုကို အသုံးပြုခဲ့တာဖြစ်ကြောင်း သုတေသနပညာရှင်တွေက အတည်ပြုခဲ့ကြပါတယ်။

ဒီကုသမှုကြောင့် ပိုးဝင်နေတဲ့ အသားစတွေကို ဖယ်ရှားနိုင်ခဲ့ပြီး ပြင်းထန်တဲ့ သွားကိုက်ဝေဒနာကို သက်သာစေခဲ့ဖွယ် ရှိပါတယ်။ ဒီအချက်အရ နေအန်ဒါသာလ်လူသားတွေဟာ သွားဘက်ဆိုင်ရာကို နားလည်ရုံတင်မကဘဲ ခန္ဓာကိုယ်ထဲ ကုသတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေ တတ်မြောက်ထားတယ်ဆိုတာ ထင်ရှားပါတယ်။

ဒီတွေ့ရှိမှုကြောင့် သွားဘက်ဆိုင်ရာ ခွဲစိတ်ကုသမှုရဲ့ အစောဆုံး သမိုင်းမှတ်တမ်းဟာ နှစ်ပေါင်း ၄၀,၀၀၀ ကျော်လောက် ပိုစောသွားခဲ့ပါတယ်။ ဒီတွေ့ရှိချက်ဟယ နေအန်ဒါသာလ်လူသားတွေကို လူရိုင်းတွေအဖြစ် သတ်မှတ်ခဲ့ကြတဲ့ အယူအဆဟောင်းတွေကို ချေဖျက်နိုင်ခဲ့ပြီး သူတို့ရဲ့ အတွေးအခေါ် နက်ရှိုင်းမှု၊ ဆေးပညာဆိုင်ရာ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ကျန်းမာရေးစောင့်ရှောက်နိုင်စွမ်းတွေကို မီးမောင်းထိုးပြရာ ရောက်ပါတယ်။

Ref: Earliest evidence for invasive mitigation of dental caries by Neanderthals.

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top