ကပ်ရောဂါအတွင်း ဖခင်နဲ့တွေ့ရဖို့ ဘိုးဘွားရိပ်သာမှာ အလုပ်ဝင်လုပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦး

9-3-2021-yyl-01.jpg

မင်နီဆိုးတားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ကပ်ရောဂါအတွင်း သူ့အဖေနေထိုင်နေတဲ့ ဘိုးဘွားရိပ်သာတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အခုလို အဲဒီမှာ အလုပ်ဝင်လုပ်ခဲ့တဲ့အကြောင်းအရင်းကတော့ သူ့ဖခင်နဲ့ အနီးကပ်ရှိနေခွင့်ရဖို့ဖြစ်ပါတယ်။

လီဆာ ရာဆင် (Lisa Racine) ဆိုတဲ့ အဲဒီအမျိုးသမီးဟာ အသက် ၈၇ နှစ်အရွယ် သူ့ဖခင်ရှိနေတဲ့ Good Samaritan Society မှာ အချိန်ပိုင်းအစားအစာအာဟာရလက်ထောက်အနေနဲ့ အလုပ်ဝင်လုပ်ခဲ့တာပါ။ ကပ်ရောဂါအတွင်းမှာ ဧည့်သည်လာရောက်တာကို ကန့်သတ်လိုက်တဲ့အတွက် လီဆာက Good Samaritan မှာ အလုပ်ဝင်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ “ကျွန်မ ဘိုးဘွားရိပ်သာမှာရှိတဲ့ အခြားအဘိုးအဘွားတွေကြောင့်လည်း တကယ်ပျော်ရွှင်ရပါတယ်။ သူတို့တွေက အရမ်းချစ်စရာကောင်းကြပါတယ်။ သူတို့ဆီကို လာတဲ့သူတွေမရှိတော့တဲ့ ကျွန်မကပဲ သူတို့ရဲ့မိသားစုဝင်ပါပဲ”လို့ လီဆာက ပြောပါတယ်။ သူ့ရဲ့ဖခင် ဟာရိုတ်ဟာ လွန်ခဲ့တဲ့ (၁) နှစ်က Good Samaritan ကို ရောက်လာခဲ့တာပါ။

ကပ်ရောဂါဖြစ်ပွားတဲ့အချိန်မှာ မိသားစုဝင်တွေနဲ့ ဧည့်သည်လာရောက်တာကို ကန့်သတ်ပစ်လိုက်ပြီး ပြတင်းပေါက်ကနေတဆင့်သာ တွေ့ခွင့်ပေးခဲ့ပါတယ်။ ရာသီဥတုကလည်း အရမ်းချမ်းအေးတဲ့အတွက် ပြတင်းပေါက်ကနေတဆင့် လာတွေ့တာကလည်း အကြိမ်ရေနည်းသွားခဲ့ပါတယ်။ အဲဒါကြောင့် လီဆာဟာ သူ့အဖေကို မတွေ့နိုင်တော့တဲ့အတွက် အရမ်းစိတ်ပျက်သွားခဲ့ရပါတယ်။ ဒါကြောင့် အဲဒီမှာ အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတော့တယ်။

လီဆာရဲ့ဝမ်းကွဲ ရီနီ ရာဆင်ကလည်း Good Samaritan က စီစဉ်ညွှန်ကြားသူတစ်ယောက်ပါပဲ။ လီဆာက အလုပ်အတွက် အကူအညီတောင်းတော့ အလုပ်နေရာတစ်ခုလွှတ်နေတာကြောင့် အဲဒီနေရာမှာ ဝင်လုပ်ဖြစ်ခဲ့တယ်လို့ ရီနီက ဆိုပါတယ်။

လီဆာရဲ့အလုပ်တာဝန်ထဲက တစ်ချို့ကတော့ အစားအစာတွေကို ပြင်ဆင်တာ၊ ဘိုးဘွားရိပ်သာမှာ နေထိုင်တဲ့သူတွေကို တည်ခင်းကျွေးမွေးရတာတွေဖြစ်ပါတယ်။ သူ့ရဲ့အလုပ်တာဝန်တွေပြီးရင် သူ့အဖေနဲ့စကားစမြည်းပြောတဲ့အပြင် မိသားစုဝင်တွေနဲ့လည်း Video Call ပြောဖြစ်ကြပါတယ်။ လီဆာရဲ့အဖေက သူ့သမီးအလုပ်ရတာလည်း ကြားတော့ သူ့မိသားစုဝင်ရှိနေတယ်ဆိုတဲ့အသိနဲ့ အရမ်းစိတ်လှုပ်ရှားခဲ့သလို အရမ်းလည်းပျော်ရွှင်ခဲ့ရပါတယ်။ လီဆာမှာ အချိန်ပြည့်ဝန်ထမ်းအလုပ်ရှိတဲ့အတွက် ဒီအလုပ်ကိုလုပ်တာကိုလည်း အရမ်းအံ့သြခဲ့ရတာပါ။

လီဆာက ပုံနှိပ်ထုတ်ဝေရေးကုမ္ပဏီမှာ အလုပ်လုပ်ပြီးရင် Good Samaritan မှာ တစ်ပတ်ကို ညဘက် ရက်အနည်းငယ်လာလုပ်သလို ပိတ်ရက်တွေမှာလည်း လာလုပ်ဖြစ်ပါတယ်။ သူ့အဖေက ကိုဗစ်ရောဂါကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာခဲ့တယ်လို့ လီဆာက ပြောပါတယ်။ မကြာသေးခင်ကမှ သူတို့သားအဖတစ်တွေ ကိုဗစ်ကာကွယ်ဆေးအတူတူထိုးနှံခဲ့ကြတယ်လို့ သိရပါတယ်။

Ref: ABCNews “Daughter takes job at nursing home to see dad during pandemic”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top