ကလေးမရနိုင်ဘူးထင်ပြီးမှ ခြောက်မွှာပူး ပိုင်ဆိုင်ခဲ့တဲ့ ဇနီးမောင်နှံ

article-2000363-0C723DAF00000578-232_964x626.jpg

ကိုယ်ပိုင်ကလေး မရနိုင်တော့ ဘူးလို့ ဆရာဝန်က အတည်ပြုခဲ့ပြီး မှ ခြောက်မွှာပူး လေးတွေပိုင်ဆိုင်ရတယ်ဆိုတာ ဖော်ပြလို့မရနိုင်တဲ့ ပျော်ရွှင်မှုမျိုး ဖြစ်မှာပါ။ အခုပြောပြမယ့်အကြောင်းအရာက ဂရာဟမ်နဲ့ ဂျဲနက်တို့ဇနီးမောင်နှံရဲ့ အရွယ်ရောက် ကြီးပြင်းလာပြီဖြစ်တဲ့ ၆ မွှာပူး သမီးလေးတွေ အကြောင်းပါ။

ဂရာဟမ်တို့ဇနီးမောင်နှံက ကိုယ်ပိုင်ကလေးယူဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ပြီးသားပါ။ ဆေးခန်းပေါင်း သောင်းခြောက်ထောင် လျှောက်ပြပြီး အထူးကုပေါင်းများစွာနဲ့ ပြသခဲ့ပေမဲ့ အားလုံးက တူညီတဲ့ အဖြေတစ်ခုပဲ ပေးကြပါတယ်။ ဒါကတော့ သူတို့ ဇနီးမောင်နှံမှာ ကလေးရဖို့ အခွင့်အရေး လုံးဝမရှိဘူးဆိုတဲ့ အဖြေပါ။

တကယ်တော့ ကလေးမရနိုင်တဲ့ အဆုံး ကလေးမွေးစားဖို့ သူတို့နှစ်ဦးက ဆုံးဖြတ်ထားပြီးသားပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂျဲနက်မှာ ကိုယ်ဝန်ရှိနေတာ သိခဲ့ရပြီး၅ နှစ်တာ စောင့်မျှော်ခဲ့ရတဲ့ ကိုယ်ဝန်ဖြစ်လို့ နှစ်ဦးသား အတိုင်းမသိ ပျော်ရွှင်ခဲ့ကြပါတယ်။

ကိုယ်ဝန်လအတော်အသင့်ရချိန်မှာ အာထရာဆောင်းရိုက်ဖို့ ဆေးရုံကို သွားခဲ့ကြပါတယ်။ ဂျဲနက်က ကလေးကျန်းမာနေမယ်ဆိုတာ ရဲရဲကြီးခံစားမိတာကြောင့် စိုးရိမ်စိတ် လုံးဝမရှိခဲ့ပါဘူး။ အာထရာဆောင်းဓာတ်မှန် ဖတ်ပေးသူက ဓာတ်မှန်ဖတ်ပြီး ချက်ချင်းဆိုသလို ဆရာဝန်ကိုခေါ်ခိုင်းချိန်မှာတော့ ဂျဲနက်ရဲ့စိတ်ခံစားချက်တွေ ပြောင်းလဲသွားခဲ့ပါတယ်။

ဘေးနားက သူနာပြုတွေ တီးတိုးပြောဆိုနေကြပြီး ဆွေးနွေးချိန် အကြာကြီးစောင့်ဆိုင်းခဲ့ရပါတယ်။ နောက်ဆုံးမှာ မနေနိုင်ဘဲ မေးမြန်းလိုက်ချိန်ကျ ဆရာဝန်ဆီက သူ လုံးဝကြီး မျှော်လင့်မထားတဲ့ အဖြေကို ကြားသိလိုက်ရပါတယ်။ ဒါကတော့ ၆ မွှာပူးကိုယ်ဝန် ဆိုတာပဲဖြစ်ပါတယ်။ ဒီအကြောင်းကြားရချိန်မှာ နှစ်ဦးသား အတိုင်းမသိ ဝမ်းသာခဲ့ကြပါတယ်။

ဂျဲနက်မီးဖွားဖို့ခွဲစိတ်ခန်းဝင်ချိန်မှာတော့ ဆေးရုံဝန်ထမ်းတွေအားလုံး သူမရဲ့ ၆မွှာပူး ကိုယ်ဝန်အတွက် အလုပ်တွေ ရှုပ်လို့နေပါတယ်။ ဆေးရုံဝန်ထမ်းတွေအားလုံး မပျက်မကွက် အသင့်ရှိနေပြီး လူနာဆောင်ကိုတောင် ခဏပိတ်ထားခဲ့ရပါတယ်။

ခြောက်မွှာပူးလေးတွေဖြစ်တဲ့ ဟန်နာ၊ ရူတ်၊ လူစီ၊ ကိတ်၊ ဂျန်းနီ နဲ့ ဆာရာတို့ကို ၁၉၈၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့က လီဗာပူး မြို့မှာ မွေးဖွားခဲ့ပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ ကလေး ၆ ယောက်လုံး အသက်ရှင်ခဲ့ကြပါတယ်။ ကမ္ဘာမှာ ပထမဆုံး အသက်ရှင်တဲ့ ၆ မွှာပူး မိန်းကလေးတွေ အဖြစ် ပထမဆုံး မှတ်တမ်းဝင်ခဲ့ပါတယ်။

၃၅ နှစ်ကြာပြီး ဒီနေ့အချိန်မှာတော့ အဲဒီမိန်းကလေး ၆ ယောက်လုံးက အရွယ်ရောက်နေပြီဖြစ်ပြီး ကိုယ်ပိုင်အလုပ်အကိုင်၊ မိသားစုနဲ့ ပျော်ရွှင်နေကြပြီဖြစ်ပါတယ်။

Ref: Haven’t they grown up? Family photos show Walton sextuplets 27 years on

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top