ရခိုင်အရေးအတူတကွ ပူးပေါင်းဖြေရှင်းကြဖို့ ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်

27-7-2020-yyl-031.jpg

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ မိန့်ခွန်းဟာ အခု ဖြစ်ပွားနေတဲ့ ရခိုင်အရေးအတွက် ကောင်းသော အကျိုးဆက် တစ်စုံတစ်ရာ ပေးနိုင်ဖို့ အားလုံးက မျှော်လင့်နေကြတာပါ။

ဒီမိန့်ခွန်းမှာဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ အကြောင်း၊ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် အစိုးရရဲ့ ဖြေရှင်း လုပ်ဆောင်ချက်တွေ အကြောင်း အပြင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး အတူတကွ ပူးပေါင်းဖြေရှင်းကြဖို့ နိုင်ငံတကာကို ဖိတ်ခေါ်လိုက်တဲ့ အကြောင်းတွေ ပါဝင်ခဲ့ပါတယ်။

စက်တင်ဘာလ ငါးရက်နေ့ကနေ စပြီး အခင်း ဖြစ်ပွားရာ ဒေသတွေမှာ နယ်မြေရှင်းလင်းမှုတွေ ရပ်တန့်သွားပြီ ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်တဲ့ မွတ်ဆလင် တွေက ရှိနေဆဲပါ။ တစ်ဖက်မှာ ကြည့်မယ်ဆိုရင်လည်း အခင်းမဖြစ်ပွားခင်ကအတိုင်း ဆက်လက် နေထိုင်နေကြတဲ့ မွတ်ဆလင်ကျေးရွာတွေလည်း ၅၀ ရာခိုင်နှုန်းကျော် ကျန်ရှိနေပါသေးတယ်။ ဘာဖြစ်လို့ ထွက်ပြေး တိမ်းရှောင်သွားလဲ၊ ကျန်ခဲ့တဲ့ သူတွေကရော ဘာဖြစ်လို့ အတူ ဆက်လက် ယှဉ်တွဲ နေထိုင်သွားနိုင်တာလဲဆိုတာ ကို အဖြေရှာဖို့ လိုပါတယ်။ ပြသနာဖြစ်ပွားနေရာတစ်ခုထဲကိုပဲ ကြည့်ရမှာမဟုတ်ဘဲ အတူတကွ ဆက်လက်နေထိုင်နေနိုင်သေးတဲ့ နေရာတွေကိုလည်း ကြည့်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုခဲ့ပါတယ်။ အဲ့ဒီအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှု လေ့လာကြဖို့လည်း နိုင်ငံတကာက သံတမန်တွေ၊ အဖွဲ့အစည်းတွေကို သူမက ဖိတ်ခေါ်ခဲ့ပါသေးတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေး ဝင်ရောက်သွားတဲ့ တိမ်းရှောင်သူတွေကို ပြန်ခေါ်ဖို့ နဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံသားအဖြစ် စီစစ် အတည်ပြုရေး လုပ်ငန်းစဉ်နဲ့ စတင်လုပ်ဆောင်ဖို့ ပြင်ဆင်ထား တဲ့အကြောင်း ပြောဆို သွားခဲ့ပါတယ်။ ဒီတိုင်းပြည်က ထွက်ပြေး တိမ်းရှောင်သွားတဲ့ နိုင်ငံသား စစ်မှန်တယ်ဆိုရင် ပြန်လည် လက်ခံပေးမယ့် အပြင် ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အနေနဲ့လည်း နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စတွေ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ်ဆိုရင် အချိန်မရွေး လက်ခံ ကြိုဆိုသွားမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအားလုံးရဲ့ အခြေခံက အကြောက်တရား နဲ့ အမုန်းတရားကြောင့် ဖြစ်ပြီး သူမအနေနဲ့တော့ ပဋိပက္ခ ထက် စည်းလုံး ညီညွတ်ရေးကို ပဲ လိုလားပါတယ် လို့ဆိုခဲ့ပါတယ်။ အခု ရင်ဆိုင်နေရတဲ့ ပြသနာတွေကို နားလည်ပြီး ပူးပေါင်း ပါဝင်သွားကြဖို့ မျှော်လင့်တဲ့ အကြောင်း နိဂုံးမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
Zym (ရိုးရာလေး)
Photo Credits- Myanmar State Counsellor Office Facebook Page 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top