တက္ကဆက်ပြည်နယ်မှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားလို့ လူ (၂၀) သေဆုံး

67456783_2478746282168609_4237829752628445184_n.jpg

တက္ကဆက်ပြည်နယ် အယ်ပါဆိုမြို့မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ (၂၀) သေဆုံးခဲ့ပြီး လူ (၂၆) ဦး ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်-မက္ကဆီကိုနယ်စပ်ကနေ မိုင်အနည်းငယ်ပဲ ကွာဝေးတဲ့ ဆီလိုဗစ်စတာ ဈေးဝယ်စင်တာအနီးက ဝဲလ်မတ်စတိုးမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်ရပ်အတွက် အသက်(၂၁) နှစ်အရွယ် အမျိုးသားတစ်ယောက်ကို ထိန်းသိမ်းထားပါတယ်။ သံသယရှိသူဟာ အယ်ပါဆိုမြို့ အရှေ့ဘက် မိုင် (၆၅၀) ကွာဝေးတဲ့ အယ်လင်မြို့မှာ နေထိုင်သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အမေရိကန်မီဒီယာတွေကတော့ သံသယရှိသူရဲ့ အမည်ကို ပက်ထရစ်ခရူစီယက်စ်လို့ ဖော်ပြပါတယ်။

အမေရိကန်မီဒီယာတွေ ဖော်ပြခဲ့တဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းအရ အနက်ရောင်တီရှပ် ဝတ်ဆင်ထားတဲ့ သေနတ်သမားဟာ နားကြပ်တပ်ထားပြီး ချေမှုန်းရေးရိုင်ဖယ် ကိုင်ထားတာ တွေ့ရပါတယ်။ စနေနေ့ နံနက် ဒေသစံတော်ချိန် ၁၀ နာရီ ၃၉ မိနစ်အချိန်မှာ ပစ်ခတ်မှုဖြစ်ပွားတဲ့ သတင်းပို့မှု ရရှိခဲ့ပြီးနောက် ရဲအရာရှိတွေက အခင်းဖြစ်ပွားရာကို (၆)မိနစ်အတွင်း ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ရဲအရာရှိတွေက သံသယရှိသူကို ဖမ်းဆီးချိန်မှာ ပစ်ခတ်ခြင်းမရှိခဲ့ဘူးလို့ အယ်ပါဆိုမြို့ ရဲမှူးချုပ် ဂရက်အလန်က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပခဲ့တဲ့ အစားအသောက်ပွဲတော်မှာ ဆယ်ကျော်သက်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ(၃) ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်အပြီး သီတင်းတစ်ပတ်အကြာမှာ အခုလို ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ တက္ကဆက်ပြည်နယ်သမိုင်းမှာ လူသေဆုံးမှုအများဆုံး နေ့တစ်နေ့ဖြစ်ခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က ပြောပါတယ်။ သေဆုံးသူတွေရဲ့အမည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ သေဆုံးသူတွေထဲမှာ မက္ကဆီကိုနိုင်ငံသား (၃) ဦးပါဝင်တယ်လို့ မက္ကဆီကိုသမ္မတ အယ်ဘရာဒေါက ပြောပါတယ်။

Ref: BBC
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top