ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ ကလေးငယ်ကို သမ္မတကိုယ်တိုင် ကျောင်းလိုက်ပို့

10-2-2022-yyl26.jpg

Down ဆင်ဒရုန်းဖြစ်နေတဲ့ ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့သတင်းကြားပြီးချိန်မှာ မြောက်မက်ဆီဒိုးနီးယားသမ္မတကိုယ်တိုင် ကလေးငယ်ကို ကျောင်းလိုက်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ သမ္မတ ပန်ဒရော့ဗ်စကီးက အမ်ဘလာကို လက်ဆွဲပြီး ဂိုစတီဗာမြို့ မူလတန်းကျောင်းကို လိုက်ပို့ခဲ့တာပါ။ အမ်ဘလာဟာ Down ဆင်ဒရုန်းကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံနေရသူပါ။ သမ္မတ ပန်ဒရော့ဗ်စကီးက အမ်ဘလာကို ကျောင်းလိုက်ပို့ပြီး လက်ဆောင်တွေ ပေးခဲ့တဲ့အပြင် သူ့မိဘတွေနဲ့လည်း တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့ကြပါတယ်။

” ကလေးငယ်ရဲ့အခွင့်အရေးကို အနှောင့်အယှက်ပေးသူတွေရဲ့အပြုအမူက လက်မခံနိုင်စရာပဲ၊ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှု ပုံမှန်မဟုတ်တဲ့ ကလေးငယ်တွေကို နှောင့်ယှက်တာ ပိုဆိုးတယ်လို့ သမ္မတက ပြောတယ်။ အဲဒီလို ကလေးတွေဟာ သူတို့နဲ့ထိုက်သင့်တဲ့ အခွင့်အရေးကို ပျော်ရွှင်ခံစားခွင့်ရှိသလို ကျောင်းခန်းထဲမှာ၊ ကျောင်းဝန်းထဲမှာ တန်းတူရည်တူ၊ ကြိုဆိုခံရသင့်သူတွေပါ။ ဒါဟာ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ စောင့်ထိန်းလိုက်နာရမယ့်ကိစ္စဖြစ်သလို တစ်ဦးချင်းလည်း လိုက်နာသင့်တယ်။ ဒီကိစ္စမှာ အဓိကကျတာကတော့ ကိုယ်ချင်းစာစိတ်ပါပဲ။ ဒါက အမ်ဘလာလို ကလေးငယ်တွေကို ကူညီပေးနိုင်လိမ့်မယ်။ ရိုးသားတဲ့ ပျော်ရွှင်မှု၊ မျှဝေမှု၊ စည်းလုံးညီညွတ်မှုကို ဘယ်လိုဖန်တီးရမလဲဆိုတာ သူတို့ဆီကနေ သင်ယူနိုင်ဖို့ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်” လို့ သမ္မတ ပန်ဒရော့ဗ်စကီးက ပြောခဲ့ပါတယ်။

” ဒီလူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့အားလုံး တန်းတူပါပဲ။ အားလုံးပါဝင်ရေးက အဓိကအချက်ပဲဆိုတာ သတိပြုမိစေဖို့၊ အားပေးကူညီဖို့ ကျွန်တော် ဒီကို ရောက်လာခဲ့တာပါ” လို့ သမ္မတ ပန်ဒရော့ဗ်စကီးက ပြောပါတယ်။ အမ်ဘလာလို ကလေးငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေတဲ့ အမ်ဘလာရဲ့ မိဘတွေကိုလည်း အားပေးကူညီမယ်လို့ သူက ဆိုပါတယ်။ ယူဂိုဆလားဗီးယားပြည်ထောင်စုဟောင်းမှာ ပါဝင်ခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံဟာ ဥရောပအရှေ့တောင်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံငယ်တစ်ခုဖြစ်ပြီး လူဦးရေ ၂ သန်းဝန်းကျင် နေထိုင်ပါတယ်။

Ref: CNN “An 11-year-old girl with Down syndrome was being bullied. So her country’s President walked her to school”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top