ကြားယောင်နေဆဲ ကြိုးကြာသံ (သို့) ခင်မောင်တိုး

Khin-Maung-Toe.jpg

“မင်းရဲ့ မျက်လုံးလေးများက ပုလဲနဲ့ မဟူရာ ပေါင်းစပ်ထားသလိုနှယ် “ဆိုတဲ့ သီချင်းလေးကို အားလုံး ကြားဖူးကြမှာပါ။ ဒီသီချင်းလေးရဲ့ ပိုင်ရှင်ကတော့ ကျွန်တော်တို့အားလုံး ချစ်စနိုးနဲ့ ဦးတိုးကြီး လို့ခေါ်ကြတဲ့ (ဦး) ခင်မောင်တိုးပါ။ သီချင်းဆိုတဲ့အခါ များသောအားဖြင့် ဂစ်တာလေး ကိုယ်တိုင်တီးပြီး ကြည်လင်ပြတ်သားတဲ့ အသံနဲ့ သီချင်းတိုင်းကို နားစွဲအောင် ဆိုနိင်ခဲ့တဲ့ ဂီတ ငွေကြယ်ပွင့် တစ်ပွင့်လည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ချစ်ရတဲ့ ဦးတိုးကြီးကို ၁၉၅၀ ပြည့်နှစ် ဧပြီလ (၁)ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဦးတိုးကြီးဟာ မွေးချင်း မောင်နှမသုံးယောက်ထဲမှာ တတိယမြောက်သား ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာတော့ အခြေခံပညာ အထက်တန်းကို အောင်မြင်ခဲ့ပြီး ၁၉၆၆ခုနှစ်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဂီတဘက်ကို စိတ်ဝင်စားမှု ပိုခဲ့တာကြောင့် ဒုတိယနှစ်မှာ ကျောင်းကနေထွက်ခဲ့ပြီး ဂီတလမ်းမပေါ်ကို စတင် လျှောက်လှမ်းလာခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာတော့ “ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်” ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို “ပြဿနာအုပ်စု” တီးဝိုင်းနဲ့ ဖန်တီး ထုတ်ဝေခဲ့ပါတယ်။ ဒီနေ့တိုင် ဘယ်လောက် နားထောင်နားထောင် မရိုးသွားနိင်တဲ့ “မျက်သွယ်” သီချင်းက အဲဒီ ပထမဆုံးတေးစီးရီးထဲက သီချင်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာတော့ “ပြဿနာအုပ်စု” တီးဝိုင်း အဖွဲ့အမည်ကို “လိစ္ဆဝီ”အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ထပ်မံပြီး “လိစ္ဆဝီ” ကို”မဇ္စျိမလှိုင်း”အဖြစ်ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။

မျက်သွယ်၊ ရတနာသူ၊ ဝိုင်းရဲ့ဆည်းဆာ၊ ဝေးခဲ့ပြီ…. ပန်းခရမ်းပြာ၊ ကြိုးကြာသံ၊ မဟာဆန်သူ၊ ရိုးရိုးလေး၊ လွမ်း၊ အချစ်စစ်ဆိုတာ၊ ချစ်သူသိစေ စတဲ့ သီချင်းလေးတွေကတော့ ဦးတိုးကြီးရဲ့ အအောင်မြင်ဆုံး သီချင်းတွေပဲ ဖြစ်ပါတယ်။ ဦးတိုးကြီးဟာ ဂီတသက်တမ်းတစ်လျှောက်မှာ တေးစီးရီးခွေ စုစုပေါင်း (၃၅)ခု သီဆိုခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ အသည်းကင်ဆာ ရောဂါကြောင့် စင်္ကာပူနိင်ငံ အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကုသမှုခံယူခဲ့ပြီး ၂၀၁၂နှစ်၊ နိုဝင်ဘာလ ၁၅ ရက် (စင်္ကာပူ စံတော်ချိန် ၈နာရီ ၂ဝမိနစ်) အချိန်ခန့်မှာတော့ သူချစ်တဲ့ မိသားစု၊ တေးသီချင်းတွေနဲ့ ပရိသတ်တွေဆီကနေပြီးတော့ အပြီးတိုင် နှုတ်ဆက် ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမဲ့ ဦးတိုးကြီးရဲ့ သီချင်းတွေကတော့ ဒီနေ့တိုင် ရှင်သန်နေဆဲပါ။

ရိုးရာလေး စာဖတ်ပရိသတ်တွေထဲမှာလည်း ဦးတိုးကြီးရဲ့ တေးချစ်ပရိသတ် အခိုင်အမာ ရှိနေမှာပါ။ ဦးတိုးကြီးရဲ့ ဘယ်သီချင်းတွေက အခုချိန်ထိ ရင်ထဲမှာ တွယ်ငြိနေသေးလဲဆိုတာကိုလည်း ဝေမျှခဲ့ပါအုံးနော်။

Photo : irrawaddy.com

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top