ပင်လယ်ဓားပြလို့ သံသယရှိသူ ၃ ယောက်ကို ဒိန်းမတ်နိုင်ငံက လှေငယ်ပေါ်တင်ပြီး ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့

8-2-2022-yyl1.jpg

အနောက်အာဖရိက ကမ်းလွန်ဘက်မှာ တွေ့လို့ ဒိန်းမတ်စစ်သင်္ဘောပေါ်မှာ သီတင်းပတ် ၆ ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ပင်လယ်ဓားပြလို့ သံသယရှိသူ ၃ ယောက်ကို လှေငယ်ပေါ်တင်ပြီး ပင်လယ်ထဲ ပြန်လွှတ်ပေးလိုက်ပါပြီ။ နိုဝင်ဘာလ ၂၄ ရက်က ဂီနီပင်လယ်ကွေ့မှာ ပင်လယ်ဓားပြလို့ သံသယရှိသူတွေက ကွန်တိန်နာသင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ပြီး ရေကြောင်းကာကွယ်ရေး ဆောင်ရွက်နေတဲ့ ဒိန်းမတ်တပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုမှာ သံသယရှိသူ ၄ ယောက်ကို ဒိန်းမတ်တပ်ဖွဲ့က အသေဖမ်းဆီးခဲ့ပြီး နောက်တစ်ယောက်ကတော့ ရေထဲပြုတ်ကျသွားခဲ့ပါတယ်။ ကျန်တဲ့ ၄ ယောက်ကို ဒိန်းမတ်ရေတပ် သင်္ဘောပေါ်မှာ ထိန်းသိမ်းထားခဲ့တာပါ။ သူတို့ထဲမှာ တစ်ယောက်ကတော့ ဒဏ်ရာရနေလို့ ဂါနာနိုင်ငံထံ ပို့ဆောင်ခဲ့ရပြီး ဆေးရုံမှာ ခြေထောက်ဖြတ်ခဲ့ရပါတယ်။ သူ့ကိုတော့ လူသတ်ဖို့ ကြိုးပမ်းမှုနဲ့ စွဲချက်တင်ဖို့ ဒိန်းမတ်နိုင်ငံထံ ပို့ဆောင်လိုက်ပါပြီ။

ကျန်တဲ့ ၃ ယောက်ကို လက်ခံမယ့်နိုင်ငံ ရှာဖွေခဲ့ပေမဲ့ ရှာမတွေ့လို့ လှေပေါ်မှာ အစားအစာနဲ့ လောင်စာဆီ တင်ပေးပြီး နိုင်ဂျီးရီးယားရေပိုင်နက်အနီး ပင်လယ်ထဲကို လွှတ်ပေးခဲ့တာပါ။ ဒိန်းမတ်နိုင်ငံက ပင်လယ်ဓားပြလို့ သံသယရှိသူတစ်ယောက်ကို သူတို့နိုင်ငံထံ လွှဲပြောင်းပို့ဆောင်ခဲ့တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒိန်းမတ်ဟာ ဂီနီပင်လယ်ကွေ့ ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ အကျဉ်းသားလွှဲပြောင်းပေးအပ်ရေး သဘောတူညီမှု ရယူထားခြင်း မရှိပါဘူး။

ရေနံနဲ့ ဓာတ်ငွေ့သင်္ဘောတွေ ဖြတ်သန်းသွားလာလေ့ရှိတဲ့ ဂီနီပင်လယ်ကွေ့ဟာ လွန်ခဲ့တဲ့နှစ်ပိုင်းကတည်းက ပင်လယ်ဓားပြမှုတွေ အဖြစ်များလေ့ရှိတဲ့ နေရာတစ်ခုပါ။ နိုင်ငံရေး မတည်ငြိမ်မှု၊ ဥပဒေစိုးမိုးမှု အားနည်းတာ၊ ဆင်းရဲမွဲတေမှု စတဲ့အချက်တွေက ပင်လယ်ဓားပြမှုတွေ မြင့်တက်လာစေတဲ့ အကြောင်းရင်းတွေလို့ ဆိုပါတယ်။

Ref: BBC “Denmark frees suspected pirates in dinghy in Gulf of Guinea”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top