ရော့ခ်ကာကြီး ဘွန်ဂျိုဗီ ဖွင့်လှစ်ထားတဲ့ “Soul Kitchen” ပရဟိတစားသောက်ဆိုင်များ

03.jpg

ဂီတလောကရဲ့လွှမ်းမိုးနိုင်မှုအရှိဆုံးရော့ခ်ကာတွေထဲကတစ်ဦးဖြစ်သူ ဂျွန် ဘွန်ဂျိုဗီ (Jon Bon Jovi) က ဆွဲဆောင်မှုအရှိဆုံးအနုပညာရှင်စာရင်းထဲမှာအကြိမ်ကြိမ်ပါခဲ့ဖူးသလို နိုင်ငံရေးကိစ္စတွေမှာလည်း တက်ကြွလှုပ်ရှားတတ်သူတစ်ယောက်ဖြစ်ပါတယ်။ အများအကျိုးအတွက်လုပ်ဆောင်တဲ့အလုပ်တွေနဲ့ပတ်သက်လာရင်တော့ ဘွန်ဂျိုဗီက တခြားနာမည်ကျော်အနုပညာရှင်တွေထက်ကို ပိုပြီးထဲထဲဝင်ဝင်လုပ်နိုင်သူလို့ ပြောရမှာပါ။ ဒါပေမဲ့လည်း သူက သူ့ရဲ့ပရဟိတအလုပ်တွေနဲ့ပတ်သက်လို့ သိပ်ပြီးလူသိမခံလိုသူဖြစ်ပါတယ်။

ဘွန်ဂျိုဗီက JBJ ဆိုတဲ့ ဖောင်ဒေးရှင်းတစ်ခုကိုတည်ထောင်ထားပြီး လက်ရှိမှာ အဲဒီဖောင်ဒေးရှင်းရဲ့အထောက်အပံ့နဲ့ Soul Kitchen လို့အမည်ပေးတဲ့ပရဟိတစားသောက်ဆိုင်တွေကိုဖွင့်လှစ်ထားပါတယ်။ ထူးခြားတာကတော့ စားသောက်ဆိုင်လို့နာမည်ရှိပေမဲ့ အဲဒီဆိုင်တွေမှာ ဟင်းပွဲတွေကို ရောင်းဈေးသတ်မှတ်ထားမှုမရှိတာနဲ့ စားသမျှအစားအသောက်အတွက်ငွေရှင်းဖို့ ဘီလ်လည်းမပေးဘူး ဆိုတာတွေပါပဲ။

ဆိုင်မှာလာစားသူက ငွေရှင်းနိုင်သူဆိုရင် အလှူငွေသဘောအဖြစ် ဒေါ်လာ (၂၀) လှူခဲ့နိုင်ပြီး ငွေရှင်းဖို့မတတ်နိုင်သူတွေနဲ့ အိမ်ရာမဲ့တွေကိုတော့ လုပ်အားနဲ့ပေးချေခွင့်ပြုထားပါတယ်။ စားဖိုခန်းမှာကူညီလုပ်ကိုင်ပေးတာ၊ စားပွဲနဲ့ ပန်းကန်တွေကိုသန့်ရှင်းရေးလုပ်ပေးတာနဲ့ ပန်းခြံသန့်ရှင်းရေးလုပ်တာလို အလုပ်တွေပြန်လုပ်ပေးနိုင်တဲ့သဘောမျိုးပါ။ ဒါကြောင့်လည်း ဆိုင်ရဲ့ဆောင်ပုဒ်က “ဘယ်သူ့ကိုမဆို လာစားသောက်ဖို့ဖိတ်ခေါ်ပါတယ်” လို့ သတ်မှတ်ထားတာပါ။

Soul Kitchen ဝက်ဘ်ဆိုက်မှတ်တမ်းအရ စားသုံးသူတွေဟာ အစားအသောက်စာရင်းပါဟင်းပွဲအားလုံးထဲက (၅၁%) ရဲ့တန်ဖိုးကို အလှူငွေထည့်ဝင်မှုနဲ့ပေးချေခဲ့ကြပြီး ကျန် (၄၉%) ရဲ့တန်ဖိုးကိုတော့ လုပ်အားနဲ့ပေးချေခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

Soul Kitchen အမည်နဲ့ ပထမဆုံးစားသောက်ဆိုင်ကို နယူးဂျာစီပြည်နယ်က ဘွန်ဂျိုဗီရဲ့မွေးရပ်မြို့ဖြစ်တဲ့ Red Bank မှာ ၂၀၁၁ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက်ဆိုင်ကိုတော့ Toms River မြို့မှာ ၂၀၁၆ ခုနှစ်က ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်နေတာတွေဟာ အိမ်ရာမဲ့တွေနဲ့ ဆာလောင်မွတ်သိပ်နေသူတွေရဲ့အခက်အခဲကို ပြေလည်သက်သာသွားစေဖို့ရည်ရွယ်လုပ်ဆောင်နေတာတွေချည်းဖြစ်တယ်လို့လည်း ဘွန်ဂျိုဗီက ပြောပြခဲ့ပါတယ်။

Ref: Bright Side “Jon Bon Jovi Opened 2 Charity Restaurants So That People in Need Can Eat Without Paying”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top