Game of Thrones ထဲက နဒ်စတာ့ခ် (Ned Stark) (ခေါ်) အက်ဒွပ်စတာ့ခ် (Eddard Stark)

wp2084488.jpg

ထင်ရှားသောစကား
နှစ်နည်းနည်းလောက်အသက်ဆက်ရှင်နိုင်ဖို့ ငါ့သိက္ခာကိုချနင်းရအောင် အသက်ဆိုတာ ငါ့အတွက် သိပ်ပြီးတန်ဖိုးရှိတဲ့အရာလို့များထင်နေလား

နဒ်စတာ့ခ်ဟာ စကားတည်ကြည်ဖြောင့်မတ်ပြီး သိက္ခာကိုအလေးထားတဲ့ အမှန်တရားဘက်တော်သားအဖြစ် လူလေးစားခံရသူတစ်ယောက်ပါ

အက်ဒွပ်စတာ့ခ် (Eddard Stark) ဟာဝင်းတားဖဲလ်ရဲ့အရှင်သခင်ဖြစ်ပြီး Westros မြောက်ပိုင်းရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။ အရှင်ရစ်ကတ်စတာ့ခ် (Lord Rickard Stark) ရဲ့ဒုတိယမြောက်သားဖြစ်ပြီး မွေးချင်းတွေအနေနဲ့ အစ်ကိုဖြစ်သူ ဘရန်ဒန်စတာ့ခ် (Brandon Stark)၊ ညီဖြစ်သူဘန်ဂျန် (Benjen Stark) နဲ့ လီယန်နာစတာ့ခ် (Lyanna Stark) တို့ရှိပါတယ်။ ဇနီးဖြစ်သူကတ်တလင်း (Catelyn) နဲ့ရတဲ့ရော့ဘ် (Robb)၊ ဆန်ဆာ (Sansa)၊ အာယာ (Arya)၊ ဘရန် (Bran) နဲ့ ရစ်ကွန် (Rickon) ဆိုပြီး ကလေးငါးယောက်ရှိပါတယ်။ တရားမဝင်သားအဖြစ်နဲ့လည်း ဂျွန်စနိုး (Jon snow) ဆိုတဲ့သားတစ်ယောက်ရှိပါသေးတယ်။

နဒ်စတာ့ခ်ဟာ စကားတည်ကြည်ဖြောင့်မတ်ပြီး သိက္ခာကိုအလေးထားတဲ့ အမှန်တရားဘက်တော်သားအဖြစ် လူလေးစားခံရသူတစ်ယောက်ပါ။ နဒ်ဟာ လက်ရှိဘုရင် ရောဘတ်ဘရာသီယွန် (Robert Baratheon) နဲ့အတူ ငယ်ငယ်ထဲကဂျွန်အာယန်း (Jon Arryn) ဆီမှာကြီးပြင်းလာခဲ့တာပါ။ အဲဒီအချိန်တုန်းက ဘုရင့်သားဖြစ်တဲ့ ရေဂါတာဂေးရီးယန်း (RhaegarTargaryen) က ရောဘတ်နဲ့စေ့စပ်ထားတဲ့ လီယန်နာကိုခိုးပြေးခဲ့တာကြောင့် နဒ်ရဲ့အဖေရစ်ကတ်နဲ့အစ်ကိုဘရန်ဒန်က နေပြည်တော်ကိုလိုက်ပြီးညှိနှိုင်းခဲ့ပေမဲ့ နှစ်ယောက်လုံးဟာ အရူးဘုရင်လို့လူသိများတဲ့အေရိစ် (Aerys) ရဲ့ရက်ရက်စက်စက်ကွပ်မျက်ခြင်းကို ခံလိုက်ရပါတယ်။
ဒါကြောင့် ရောဘတ်နဲ့နဒ်တို့ဟာ တာဂေးရီးယန်းတွေကိုပုန်ကန်ခဲ့ကြပြီး သူငယ်ချင်းနှစ်ယောက် စစ်အတူထွက်ခဲ့ကြပါတယ်။ ပုန်ကန်မှုအောင်မြင်လို့ ရောဘတ်ဘုရင်ဖြစ်ပြီး ပလ္လင်ကိုရတဲ့အခါမှာတော့ နဒ်က မြောက်ပိုင်းအရှင်သခင်ဖြစ်လာပါတော့တယ်။

နဒ်ရဲ့ခေါင်းမာမှုတွေက တစ်ခါတလေတော့ အဖြောင့်မတ်လွန်ပြီး တုံးအတဲ့ဘက်အထိရောက်သွားတာမျိုးတွေလည်းရှိပါတယ်

အစ်ကိုဖြစ်သူဘရန်ဒန်သေဆုံးသွားခဲ့လို့ ဘရန်ဒန်နဲ့စေ့စပ်ထားခဲ့တဲ့ ကတ်တလင်း (Catelyn) ကို လက်ထပ်ခွင့်ရခဲ့တာပါ။ လက်မထပ်ခင်က တစ်ယောက်အကြောင်း တစ်ယောက်သိပ်မသိခဲ့ပေမဲ့ နဒ်နဲ့ကတ်ကလင်းတို့ဟာ တစ်ဦးအပေါ်တစ်ဦးချစ်ခင်စိတ်အပြည့်နဲ့ တာဝန်ကျေတဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်နိုင်ခဲ့တာတွေ့မြင်နိုင်ပါတယ်။ နဒ်ဟာ မိသားစုသံယောဇဉ်ကြီးမားတဲ့သူဖြစ်လို့ ကတ်တလင်းနဲ့လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင်မိသားစုဘဝကို ထူထောင်နိုင်နေတဲ့အချိန်မှာတောင် အဖေတွေညီမတွေရဲ့အုတ်ဂူများဆီ ခဏခဏသွားရောက်ခဲ့သူပါ။ လိုအပ်ရင် စည်းကမ်းတင်းကျပ်သလောက် ကြင်နာတတ်တဲ့နဒ်ရဲ့စိတ်ကိုလည်း ခဏခဏတွေ့မြင်ရပါတယ်။ သီယွန်ဂရေးဂျွိုင်းကို သုံ့ပန်းအဖြစ်နဲ့ခေါ်လာပေမဲ့လည်း ဝင်းတားဖဲလ်မှာ သားသမီးတွေနဲ့တန်းတူဆက်ဆံပြီး ကောင်းကောင်းမွန်မွန်ထားခဲ့သလို ရောဘတ်က ဒနဲရီကိုသတ်မယ်လို့ကြံစည်တော့လည်း ကန့်ကွက်ခဲ့သူတစ်ယောက်ပါ။

နဒ်အတွက်တော့ သိက္ခာဟာ အသက်ထက်ပိုပြီးအရေးပါပါတယ်

နဒ်အတွက်တော့ သိက္ခာဟာ အသက်ထက်ပိုပြီးအရေးပါပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ ညီမဖြစ်သူလီယန်နာအပေါ်မှာပေးခဲ့တဲ့ကတိကို သိက္ခာအစွန်းအထင်းခံပြီးတော့ စောင့်ထိန်းခဲ့တာပါပဲ။ ဒါကလည်း ညီမကိုချစ်လွန်းလို့ဖြစ်ပါတယ်။ သူ့ဘဝမှာနောက်တစ်ကြိမ်သိက္ခာအကျခံခဲ့တာလည်း သမီးဖြစ်သူရဲ့အသက်နဲ့ခြိမ်းခြောက်ခံလာရတဲ့အချိန်မှာမှပါ။ ပလ္လင်လုရင်း နန်းလုရင်းတစ်ဘက်နဲ့တစ်ဘက် ဉာဏ်ကစားနေရတဲ့အချိန်မှာ နဒ်ရဲ့ခေါင်းမာမှုတွေက တစ်ခါတလေတော့ အဖြောင့်မတ်လွန်ပြီး တုံးအတဲ့ဘက်အထိ ရောက်သွားတာမျိုးတွေလည်းရှိပါတယ်။ ပီတာဘေးလစ်ရှ်လိုလူကို အယုံလွယ်ခဲ့တာမျိုးတွေကြောင့်လည်း သိက္ခာရှိလူမိုက်လို့ အမည်တပ်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ခေါင်းမာမာနဲ့ မှန်ရာဘက်ပဲလိုက်ခဲ့တဲ့အတွက်ကြောင့် ဇာတ်သိမ်းမလှပဲ ပြည်သူအများရှေ့မှာ သစ္စာဖောက်အဖြစ်နဲ့အမည်တပ်ခံရတဲ့အပြင် ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဉာဏ်ကစားမှုတွေများသလောက် ကောက်ကျစ်မှုတွေလည်းများတဲ့ Game of Thrones ထဲမှာတော့ နဒ်ဟာတည်ကြည်မှုမှာ စံထားလောက်စရာလူပါ။ ပရိသတ်တွေအတော်များများ သဘောကျခဲ့ကြပြီး သူ့ရဲ့သေဆုံးမှုကလည်း Game of Thrones မှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာ ပရိသတ်တွေ စတင်ရိပ်မိခဲ့ရတဲ့အချိန်လည်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top