ဧဝရက်တောင်ထိပ်ကို (၂၄) ကြိမ်တက်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူ

60879510_2391837327513840_3966123812176527360_n.jpg

နီပေါနိုင်ငံက တောင်တက်လမ်းပြတစ်ယောက်ဟာ (၇) ရက်အတွင်း ဧဝရက်တောင်ကို (၂) ကြိမ်တိုင်တိုင်တက်ပြီး စုစုပေါင်းတောင်ထိပ် တက်ရောက်နိုင်မှု (၂၄) ကြိမ်နဲ့ ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ အသက် (၄၉) နှစ်ရှိတဲ့ ကာမီရီတာဟာ မေလ (၁၅) ရက်နေ့က ဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့သလို မေလ (၂၁) ရက်နေ့မှာ တောင်ထိပ်ကို နောက်တစ်ကြိမ် တက်နိုင်ခဲ့ပါတယ်။

သူဟာ ၁၉၉၄ ခုနှစ်က ကမ္ဘာ့အမြင့်ဆုံးဖြစ်တဲ့ ဧဝရက်တောင်ကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး တောင်တက်ခရီးစဉ်တွေ စီစဉ်ပေးတဲ့ နိုင်ငံတကာကုမ္ပဏီတွေမှာ တောင်တက်လမ်းပြလုပ်ခဲ့ပါတယ်။ သူ့ရဲ့ဘဝတစ်လျှောက်မှာ ဧဝရက်တောင်ထိပ်ကို (၂၄) ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့ပေမဲ့ အနားယူဖို့ မရှိသေးဘဲ အသက် (၆၀) အထိ တောင်တက်သွားမယ်လို့ ကာမီရီတာက ဆိုပါတယ်။

ပြည်ပတောင်တက်သမားတွေဟာ ဝါရင့်တောင်တက်လမ်းပြတွေရဲ့ အကူအညီယူပြီး ဧဝရက်တောင်ကို တက်ရောက်ကြပါတယ်။ တောင်တက်လမ်းပြတွေက တောင်တက်လမ်းကြောင်းအတွက် လိုအပ်တာတွေ ပြင်ဆင်တာ၊ ကြိုးတွေ သွယ်တန်းတာ၊ အထောက်အကူပစ္စည်းနဲ့ အောက်ဆီဂျင်ဘူးတွေ သယ်ပေးတာမျိုး လုပ်ပေးကြပါတယ်။

”တောင်တက်လမ်းပြတွေက တောင်တက်ကို တက်လှမ်းနိုင်ဖို့ လမ်းကြောင်းတစ်လျှောက် ကြိုးတွေသွယ်တန်းရပါတယ်။ ကြိုးတွေသွယ်တန်းပြီး လမ်းကြောင်းပြင်ဆင်ပေးပါတယ်။ ဒါပေမဲ့ ပြည်ပတောင်တက်သမားတွေက အင်တာဗျူးဖြေတဲ့အခါ ဧဝရက်တောင် တက်ရတာ လွယ်တယ်လို့ ဖြေကြပါတယ်။ ဒါမှမဟုတ်ရင်လည်း သူတို့တွေ ဘယ်လောက်ရဲစွမ်းသတ္တိကောင်းလဲဆိုတဲ့အကြောင်း ပြောကြပါတယ်။ ဒါပေမဲ့ တောင်တက်လမ်းပြတွေရဲ့ ပံ့ပိုးမှုတွေကို မေ့ထားကြပါတယ်။ တောင်ထိပ်တက်နိုင်ဖို့ လမ်းပြတွေက ခက်ခက်ခဲခဲ ကြိုးစားပေးရတာပါ။ ကျွန်တော်တို့ ဒုက္ခခံခဲ့ရတာပါ”လို့ ကာမီရီတာက ဆိုပါတယ်။ ကာမီရီတာပြီးရင် ဧဝရက်တောင်ကို အကြိမ်အများဆုံး တက်နေတဲ့ တောင်တက်လမ်းပြစာရင်းမှာ တောင်ထိပ်ကို (၂၁) ကြိမ်စီ တက်ရောက်နိုင်ခဲ့တဲ့ တောင်တက်လမ်းပြ (၃) ယောက် ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top