ပုညစိုင်းနှင့် စိုင်းဉာဏ်လင်းတို့အစွမ်းပြခဲ့သည့် ONE Warrior Series 7 ပြိုင်ပွဲမှ အကောင်းဆုံးအခိုက်အတန့် (၅) ခု

Punnya-Sai-blue-defeats-Raghvendra-Singh-via-TKO-One-Warrior-Series-Aug-2019-217.jpg

ONE Championship ပြိုင်ပွဲကြီးအတွက် မျိုးဆက်သစ်ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများကို မွေးထုတ်ပေးနေသည့် ONE Warrior Series ၏ သတ္တမမြောက်ပြိုင်ပွဲကို ပြီးခဲ့သည့် သြဂုတ် (၆) ရက်က စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည်။ နာမည်ကျော် UFC ချန်ပီယံဟောင်းနှင့် ONE ၏ ဒုတိယဥက္ကဌ Rich Franklin တို့ စီစဉ်ကျင်းပသော ယင်းပြိုင်ပွဲတွင် လက်စွမ်း ပြနိုင်သူများကို ဒေါ်လာ တစ်သိန်းတန်ဆုကြေးနှင့် ONE Championship အတွက် စာချုပ်ချုပ်ဆိုမှုပြုလုပ်မည်ဖြစ်သဖြင့် ကစားသမားများ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့ကြသည်။ ယင်းပြိုင်ပွဲ၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အခိုက်အတန့် (၅) ခုကို သုံးသပ်တင်ပြလိုက်ရပါသည်။

(၁) ပုညစိုင်း၏ မနားတမ်းတိုက်စစ်

မြန်မာကစားသမား ပုညစိုင်းနှင့် အိန္ဒိယကစားသမား Raghvendra Singh တို့၏ ပွဲတွင် ပုညစိုင်းက ပထမအချီတွင်ပင် မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ရကာ လေးပွဲဆက်နိုင်သည့် ကစားသမားဖြစ်ခဲ့ခြင်းကလည်း အကောင်းဆုံးအခိုက်အတန့်တစ်ခုဖြစ်သည်။ ယင်းပွဲတွင် ပုညစိုင်းထက် အသက်ရော၊ လူကောင်ပါပိုကြီးသည့် Singh ကို ပုညစိုင်းက ပွဲစကတည်းက ရှိန်မနေဘဲ မနားတမ်းတိုက်စစ်ဆင်ခဲ့သဖြင့် ယခုကဲ့သို့အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ပွဲစစချင်း ခေါင်းလောင်းတီးပြီးသည်နှင့် တစ်ဦးနှင့် တစ်ဦးအကဲခတ်နေသည့်အချိန်တွင်ပင် ပုညစိုင်းက အနိမ့်ကန်ချက်များဖြင့် Singh ကို ခြိမ်းခြောက်ခဲ့သည်။

Singh က ၎င်းကိုဒုက္ခပေးနေသည့် ခြေကန်ချက်များကိုတားဆီးနိုင်ရန် ပုညစိုင်း၏ ခြေထောက်ကို ဆွဲကာကြမ်းပေါ်လှဲချနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော် နှစ်ယောက်စလုံး ဟန်ချက် ပျက်ကာလဲကျသွားခဲ့ပြီး Singh က ပုညစိုင်းခေါင်းကို လက်မောင်းဖြင့်ညှပ်ကာချုပ်ထားခဲ့သည်။ ပုညစိုင်းက ယင်းချုပ်ကွက်ကို ရုန်းထွက်ခဲ့ပြီးနောက် Singh ၏ ကိုယ်ပေါ်တက်ဖိကာ ဘယ်ညာလက်သီးနှင့် တံတောင်များ ဆက်တိုက် ထိုးနှက်ခဲ့သည်။ နောက်ဆုံးတွင် Singh က ထိုးချက်၊ ထောင်းချက်များကိုမခံနိုင်တော့သဖြင့် မှောက်လျက် အနေအထား ဖြစ်သွားသည့် အခါ ပုညစိုင်းက နောက်မှ လည်ပင်းကိုသိုင်းဖက်၍ ပွဲသိမ်းချုပ်ကွက်အဖြစ်သုံးပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။

(၂) စိုင်းဉာဏ်လင်း၏ တြိဂံချုပ်ကွက်

မြန်မာ့လက်ရွေးစင် ကရာတေးကစားသမားဟောင်း စိုင်းဉာဏ်လင်းက မလေးရှားမွေထိုင်းကစားသမား Matt Korro ကို ၎င်း၏ အမှတ်အသားချုပ်ကွက်ဖြစ်လာသည့် တြိဂံချုပ်ကွက် ဖြင့် အနိုင်ယူခဲ့ခြင်းကလည်း အကောင်းဆုံးအခိုက်အတန့်တစ်ခုဖြစ်သည်။ နောက်ဆုံးကစားခဲ့သည့်ပွဲတွင် တြိဂံချုပ်ကွက်ဖြင့် ပြိုင်ဘက်ကို အနိုင်ယူခဲ့သည့် စိုင်းဉာဏ်လင်းသည် ယခုပွဲတွင်လည်း တြိဂံချုပ်ကွက်ဖြင့် နောက်တစ်ကြိမ် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ Korro သည် မွေထိုင်းကစားသမားဖြစ်သော်လည်း ပွဲစကတည်းက မတ်တပ်ရပ် တိုက်ခိုက်မှုတွင် စိုင်းဉာဏ်လင်းကအသာရနေသည်ကိုတွေ့ရသည်။ စိုင်းဉာဏ်လင်း၏ လက်သီး၊ တံတောင်နှင့် ခြေကန်ချက်များကို Korro အသည်းအသန်ခုခံနေခဲ့ရသည်။

ပွဲချိန် တစ်မိနစ် ကျော်ကျော်တွင်မူ စိုင်းဉာဏ်လင်းက ပြိုင်ဘက်ကို ကြမ်းပြင်ပေါ်လှဲချကာ မြေပြင်ချုပ်ကွက်ဖြင့် ဖိအားပေးခဲ့သည်။ Korro က တစ်ကြိမ်ပြန်ထနိုင်ခဲ့သေးသော်လည်း စိုင်းဉာဏ်လင်းက ထပ်မံလှဲချပြန်သဖြင့် ကြမ်းပြင်ပေါ်တွင်ပင် အပြန်အလှန်ချုပ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ တကယ်တမ်းတွင် Korro သည် မြေပြင်ချုပ်ကွက်အားနည်းလွန်းသဖြင့် ပြိုင်ဘက်ကို အသာစီးရရန်မစွမ်းဆောင်နိုင်မှန်းသိလာသည့်အခါ လူချင်းခွာရန်ကြံစည်ခဲ့သည်။ သို့သော်လည်း စပါးကြီးမြွေတစ်ကောင်ပမာ ရစ်ပတ်ကာချုပ်ထားသည့် စိုင်းဉာဏ်လင်း လက်မှမရုန်းနိုင်ခဲ့ဘဲ နောက်ဆုံးတွင် စိုင်းဉာဏ်လင်း၏ အားသန်သောတြိဂံချုပ်ကွက်တွင် လက်မြှောက်အရှုံးပေးခဲ့ရသည်။

(၃) Adiwang ၏ ထိုက်တန်သောအနိုင်ရလဒ်

အဓိကတွဲဆိုင်းဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသား Lito Adiwang နှင့် အမေရိကန်/ ဗီယက်နမ်ကစားသမား Anthony “The Antidote” Do တို့၏ ပွဲသည် ပွဲအစ ပွဲအဆုံး မျက်တောင် မခတ်တမ်း ကြည့်ရှုခဲ့ကြရသည့် အကြိတ်အနယ်ပွဲဖြစ်သဖြင့် တစ်ပွဲလုံးကို အကောင်းဆုံးအခိုက်အတန့်အဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ ငါးမိနစ် သုံးချီယှဉ်ပြိုင်ခဲ့ရသည့် ယင်းပွဲတွင် ကစားသမားနှစ်ဦးစလုံးသည် ၎င်းတို့၏ စွမ်းဆောင်ရည်များကို ရာနှုန်းပြည့် အသုံးချပြီး ယှဉ်ပြိုင်ခဲ့ကြသည်။ ပွဲစကတည်းက တစ်ဦးနှင့် တစ်ဦး ပြင်းထန်သည့်လက်သီးချက်များဖြင့် ထိုးနှက်ခဲ့ကြပြီး တစ်ဦး၏ အားနည်းချက်ကို တစ်ဦးကရှာဖွေရင်း ပထမအချီကို ခပ်သွက်သွက်ကစားခဲ့ကြသည်။

ဒုတိယ အချီတွင် Team Lakay ၏ ကစားသမား Adiwang က ပြိုင်ဘက်၏ဟာကွက်များကို ပိုမိုသတိပြုမိလာသဖြင့် ထိထိမိမိတိုက်စစ်ဆင်မှုများ ပိုမိုပြုလုပ်နိုင်ခဲ့သည်။ Do ကလည်း မြေပြင်ချုပ်ကွက်များတွင် အသာစီးရနိုင်ရန် ပိုမိုအားစိုက်ကစားလာသဖြင့် ပွဲကပိုမြိုင်လာခဲ့သည်။ တတိယ အချီတွင်တော့ Adiwang က ပွဲကို စိုးမိုးခဲ့ကာ မနားတမ်းတိုက်စစ်ဖြင့် ပြိုင်ဘက်ကို ပြိုလဲအောင်ကြိုးစားခဲ့သည်။ သို့သော်လည်း Do က ထင်မှတ်မထားလောက်အောင်သန်မာလွန်းပြီး သက်လုံကောင်းလှသဖြင့် ပွဲချိန်ပြည့်သည်အထိ အလဲထိုး မခံရစေရန် ခုခံနိုင်ခဲ့သည်။ ပွဲအပြီးတွင် ထင်မှတ်ထားသည့်အတိုင်း Adiwang က ထိုက်တန်စွာ အမှတ်ဖြင့်အနိုင်ရခဲ့သည်။

(၄) Philpott ၏ ပွဲသိမ်းလက်သီးချက်များ

မြောက်အိုင်ယာလန်နိုင်ငံသား Alan “The Apprentice” Philpott နှင့် တောင်ကိုရီးယားဝါရင့်ကစားသမား Myeong Gu Kim တို့၏ ပွဲတွင် Philpott ၏ ပွဲသိမ်းလက်သီးချက်များက အကောင်းဆုံးအခိုက်အတန့် ဖြစ်ခဲ့သည်။ ကစားသမားနှစ်ဦးစလုံးက ပွဲအတွေ့အကြုံ မြင့်မားသလို ကစားအားလည်းအကောင်းဆုံးဖြစ်နေဆဲ ဖြစ်သဖြင့် ပွဲက သူတစ်ပြန် ကိုယ်တစ်ပြန် ရှိခဲ့သည်။ မြေပြင်ချုပ်ကွက်ကိုအားသန်သော Kim သည် Philpott ကို လူချင်းခွာခွင့်မပေးဘဲ ဆက်တိုက်ပူးကပ်ကစားခဲ့ပြီး မိမိရရဖမ်းချုပ်နိုင်ရန်ကြိုးစားခဲ့သည်။ Philpott က ပွဲသိမ်း ချုပ်ကွက်မမိစေရန် ပညာကုန်သုံးကာခုခံခဲ့ပြီး Kim ချုပ်နေသည့်တစ်ချိန်လုံး လက်သီးနှင့် တံတောင်ရိုက်ချက်များ တရစပ်ထိုးနှက်ကာ ပြိုင်ဘက်ကိုတိုက်ခိုက်ခဲ့သည်။

ဒုတိယအချီတွင် Philpott သည် မြေပေါ်လှိမ့်နေသည့် Kim ၏ ဦးခေါင်းကို မတော်တဆကန်မိသဖြင့် ဒိုင်လူကြီးက သတိပေးခဲ့သည်။ ပြိုင်ဘက်၏ အထာကို သဘောပေါက်လာသော Philpott သည် Kim အတင်းဝင်ချုပ်ရန် ကြိုးစားသည့်အခါတိုင်း လက်သီးနှင့် ဒူးတိုက်ချက်များသုံးကာဟန့်တားနိုင်ခဲ့သဖြင့် Kim ကို အခက်တွေ့စေခဲ့သည်။ တတိယအချီတွင်မူ မြေပြင်ချုပ်ကွက်အားသန်သော Kim တစ်ယောက် လုံးဝအခွင့်အရေး မရတော့ဘဲ Philpott ၏ အားပါသောထိုးချက်ကန်ချက်များ ထိထိမိမိထိမှန်ခဲ့သည်။ ပွဲချိန် (၁) မိနစ် ကျော်ကျော် တွင် Philpott ၏ လက်သီးတွဲလုံးများက Kim ကို ကြမ်းပေါ်ဒူးထောက်ကျသွားစေခဲ့ပြီး ယင်းအချိန်တွင် Philpott က ဒူးဖြင့်ဝင်တိုက်ကာအလဲထိုးခဲ့ခြင်းဖြစ်သည်။

(၅) McEwen ၏ ပိုင်နိုင်သောချုပ်ကွက်

ဖိလစ်ပိုင်မွေထိုင်းလက်ရွေးစင်ဟောင်း Jenelyn Olsim ကို သြစတြေးလျအားကစားမယ် Caitlin McEwen က ပထမအချီတွင်ပင် ပွဲသိမ်းချုပ်ကွက်ဖြင့်အနိုင်ယူခဲ့သည့် အခိုက် အတန့်သည်လည်း အကောင်းဆုံးအခိုက်အတန့် တစ်ခု ဖြစ်သည်။ မွေထိုင်းအားကစားမယ် Olsim သည် ပွဲစကတည်းက ၎င်းကျွမ်းကျင်သည့် မတ်တပ်ရပ် တိုက်ခိုက်မှုကို လုံးဝ ပြုလုပ်ခွင့်မရခဲ့ဘဲ McEwen ၏ အတင်းဝင်ချုပ်ခြင်းကိုခံလိုက်ရသည်။ ကစားသမား နှစ်ဦး တစ်ဦးကို တစ်ဦး လူချင်းပူးကပ်ပြီး အပြန်အလှန်လှဲချနိုင်ရန် ကြိုးစားခဲ့ကြသည်။

ပွဲချိန် စက္ကန့်ငါးဆယ်အကျော်တွင် Olsim က McEwen ကို ကြမ်းပေါ်သို့ ကျောဖြင့်ကျစေရန်လှဲချနိုင်ခဲ့သည်။ သို့သော်လည်း ယင်းသို့လှဲချမှုက Olsim အတွက် အသာစီးရရမည့်အစား ပွဲသိမ်းချုပ်ကွက်မိသွားစေခဲ့သည်။ McEwen သည် ကြမ်းပေါ်သို့လဲကျကျခြင်း ပြာမသွားဘဲ Olsim ၏ လက်တစ်ဘက်ကို မိမိရရချုပ်ရန် ကြိုးစားခဲ့သည်။ လက်တစ်ဘက်ကို ပိုင်ပိုင် နိုင်နိုင်ချုပ်မိသွားသည့်အခါတွင်မူ McEwen က ခြေကန်ချုပ်၍ ဖိအားပေးခဲ့သဖြင့် Olsim လည်း နာကျင်နေသောလက်ကို ရုန်းရန်မတတ်သာတော့ဘဲ အရှုံးပေး လိုက်ရခြင်းဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top