ထီပေါက်တဲ့ငွေတွေကို သုံးဖြုန်းခဲ့ပြီးမှ နေမကောင်းတဲ့သားအတွက် မထောက်ပံ့နိုင်တော့သူ

4F2BABCC00000578-0-image-a-22_1534539422853-e1552270446335.jpg

ကမ္ဘာကြီးမှာ ငွေပေးပြီး ပြောင်းလဲပစ်လိုက်လို့မရတဲ့ တချို့အရာတွေရှိပါတယ်။ Callie Roger (ကယ်လီရိုဂါ) ရဲ့ ခြောက်နှစ်အရွယ်ရှိပြီဖြစ်တဲ့ သားလေး Blake (ဘလိတ်ခ်) ဟာ ဦးနှောက်ပိုင်းနဲ့ အာရုံကြော ချို့ယွင်းနေတဲ့ရောဂါကို ခံစားနေရပါတယ်။

ဘလိတ်ခ်ဟာ အကူအညီမပါဘဲ လမ်းမလျှောက်နိုင်သလို၊ စကားလည်းမပြောနိုင်၊ အစာတောင် မမျိုချနိုင်တဲ့ အခြေအနေပါ။ ဒီရောဂါကို မွေးကတည်းက ခံစားနေရတာဖြစ်ပြီး ဦးနှောက်ကို အောက်စီဂျင် အလုံအလောက်မရရှိစေတာကြောင့် သူ့အမွှာလည်း သေဆုံးခဲ့ရပြီးပါပြီ။ ဒါကြောင့် ဘလိတ်ခ်ဟာ သူ့ရဲ့ ကျန်တဲ့တစ်ဘဝလုံးကို ဂရုစိုက်ပေးဖို့ လိုအပ်နေသူပါ။

လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ကယ်လီရိုဂါဟာ အသက် ၁၆ နှစ်အရွယ်လေးနဲ့ ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ထီပေါက်သူဖြစ်လာပါတယ်။ ပေါင် ၁.၈ သန်းကို ထီပေါက်ခဲ့တာဖြစ်ပြီး များပြားလှတဲ့ ငွေတွေနဲ့ သူ့ဘဝကို သူ ကောင်းကောင်းရပ်တည်နိုင်ပြီလို့ လူတိုင်းက ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ် တစ်စုကျော်ကျော်လေးမှာ ပိုက်ဆံတွေကို သူဖြုန်းတီးခဲ့ပါတယ်။ ပေါင် ၂ သိန်းခွဲလောက်ကို မူးယစ်ဆေးတွေ သုံးခဲ့တယ်။ အဝတ်အစားတွေ ဝယ်ခဲ့တယ်။ မိသားစုကို အနည်းဆုံး ပေါင် ၅ သိန်းက စပြီး ပေးပစ်ခဲ့ပါတယ်။

‘အသက် ၁၆ နှစ်ပဲရှိသေးတဲ့သူတစ်ယောက်ဟာ ထီပေါက်သင့်တယ်လို့ ကျွန်မ မထင်ပါဘူး။ အသက် ၁၈ နှစ် မတိုင်ခင်အထိတောင် လောင်းကစားလုပ်လို့ မရပါဘူး။ ထီလည်း အတူတူပဲလို့ ထင်တာပဲ။ ကျွန်မအိမ်တွေ ဝယ်ပေးတယ်။ အဲဒီအချိန်တုန်းက ကျွန်မ အခွန်အခ ပေးရတာတောင် ဘယ်လိုမျိုးမှန်း မသိသေးတဲ့အရွယ်ပါ’လို့ ကယ်လီက ဆိုပါတယ်။

ကယ်လီက ‘အချိန်တော်တော်ကြာအောင် ကျွန်မပိုက်ဆံတွေကို ဂရုမစိုက်မိပါဘူး။ ကျွန်မ အဝတ်အစားတွေနဲ့ ကားတွေအတွက် ပိုက်ဆံတွေ သုံးခဲ့တယ်… ဒါပေမဲ့ အခု သားလေးအတွက် ငွေအလုံအလောက်မရှိတာ ကျွန်မအတွက် အကြီးမားဆုံး ဝမ်းနည်းမှုတစ်ခုပါပဲ။ သားလေးက အာရုံခံ အချက်ပြရတာလေးတွေကို ကြိုက်တယ်လေ… ကျွန်မမှာ ငွေသာရှိသေးရင် သားလေးကို အာရုံခံကိရိယာတွေပါတဲ့ အခန်းလေးတစ်ခန်း ဝယ်ပေးမိမှာပါ’ လို့ ပြောပြခဲ့ပါတယ်။

ကယ်လီဟာ ခုတော့ သူ့သားလေး ဘလိတ်ခ်၊ သမီးအကြီးလေးတစ်ယောက်နဲ့ တစ်လကို ပေါင် ၄၀၀ ပေးပြီး အိမ်ငှားနေပါတယ်။ တစ်ခုလပ်မိခင်ဖြစ်တဲ့ ကယ်လီဟာ အခု အလုပ်လုပ်နေရပါပြီ။ ဒီလိုအလုပ်လုပ်နေရတာကိုပဲ သူပျော်ရွှင်ပါတယ်တဲ့။ သူက ‘သားသမီးတွေကို ငွေရဲ့တန်ဖိုးကို သင်ပြပေးချင်ပါတယ်။ အလုပ်ကြိုးစားပြီး ငွေရှာရတယ်ဆိုတာလည်း ပြောပြချင်ပါတယ်… ပြီးတော့ ငွေဆိုတာထိန်းသိမ်းဖို့လည်း ခက်ခဲတဲ့အကြောင်းပေါ့’ လို့ ပြောခဲ့ပါတယ်။

Ref: www.thesun.co.uk “Lottery winner says the biggest regret no money support, disabled son”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top